မွန်သင်္ကြန် ဘတ်ဂျက် တိုးမြှင့် သုံးစွဲမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်။

သင်္ကြန်ပွဲ ပိုမိုစည်ကားစေရန် ယခင်နှစ်ကထက် ဘတ်ဂျက်ပိုမို သုံးစွဲသွားမည်ဟု မွန်ပြည်နယ် အစိုးရရုံးက ပြောသည်။

ယခင်နှစ်က ကျပ်သိန်း ၁၁၀၀ အသုံးပြုခဲ့သော်လည်း ယခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သိန်း ၂၀၀၀ နှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးရန်ပုံငွေမှ ကျပ်သိန်း ၄၀၀ သုံးစွဲရန် လျာထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။

“ဒီနှစ်သင်္ကြန်ကတော့ အရင်နှစ်တွေထက် ပိုမိုစည်စည်ကားကားဖြစ်ချင်လို့ အသုံးစရိတ်ပိုသုံးထားပါတယ်၊ ကျပ် သိန်း ၂၄၀၀ သုံးဖို့ လျာထားပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြော သည်။

သုံးစွဲရန်လျာထားသည့်ငွေများအနက်မှ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်အတွက် ခရိုင်တစ်ခုလျှင် ကျပ်သိန်း ၂၀၀၊ မြို့ နယ် ၁၀ မြို့ နယ်အတွင်း တစ်မြို့ နယ်လျှင် ငွေကျပ်သိန်း ၁၂၀ စီ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ကျန်ငွေများကို ဗဟိုမဏ္ဍပ်အတွက် အသုံးပြုသွားမည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ငွေများဖြင့် ဗဟိုမဏ္ဍပ်တည်ဆောက်ခြင်း၊ ပိတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း၊ ယိမ်းအက ဖျော်ဖြေ ရေးအတွက် စီစဉ်ခြင်း၊ ဆုချီမြှင့်ခြင်း၊ ရေကစားရန်အတွက် ရေရရှိရေးဆောင်ရွက်ခြင်း၊ သက်ကြီးပူဇော်ပွဲ အတွက်ဆောင်ရွက်ခြင်းတို့တွင် အသုံးပြုသွားမည် ဖြစ်သည်။

သင်္ကြန်မဏ္ဍပ်များကို သက်ဆိုင်ရာ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးတို့မှ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း မဏ္ဍပ် အတွက် ငွေကြေးတစ်စုံတစ်ရာ မပေးဆောင်ရသော်လည်း စည်းကမ်းချက်များ လိုက်နာရမည် ဖြစ်ကြောင်း စည်းကမ်းချက်မလိုက်နာပါက ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ပြည်နယ်အစိုးရက ပြောသည်။

ထို့အပြင် သင်္ကြန်ကာလအတွင်း အေးချမ်းစွာ ရေကစားနိုင်ရန်အတွက် လုံခြုံရေး စီမံချက်ရေးဆွဲပြီး ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) မြင့်ဝင်း က ပြောသည်။

“သင်္ကြန်ကာလအတွင်းမှာ ပျောက်ကျားဝတ်ပြီး ဓားတွေ တုတ်တွေ လှံတွေဆွဲကိုင်ပြီး ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ ပြီး မူးယစ်ရမ်းကားတဲ့အဖွဲ့တွေလည်းရှိတယ်။ ရိုးရာသင်္ကြန်ကာလမှာ အေးအေးချမ်းချမ်းနဲ့ ဘုရားသွား ကျောင်း တက်တဲ့လူတွေ ရိုးရိုးသားရေကစားတဲ့လူတွေကို အနှောင့်အယှက်ပေးတဲ့အတွက် လုံခြုံရေး စီမံချက်ရေးဆွဲ ဆောင်ရွက်သွားဖို့ရှိတယ်။”

မွန်ပြည်နယ်၏ သင်္ကြန်ပွဲတော်သည် စည်ကားလှသည့် ပွဲတော်တစ်ခုဖြစ်ကာ အထူးသဖြင့် သံဖြူဇရပ်မြို့နယ် အတွင်းရှိ စက်စဲကမ်းခြေသည် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားသူများကြောင့် အစည်ကားဆုံး နေရာတစ်ခုဖြစ်သည်။

သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့တို့တွင် မော်လမြိုင်၊ ကျိုက်မရောနှင့် ရိုးဂိုကျေး ရွာတို့တွင် အစည်ကားဆုံးနေရာများ ဖြစ်ကြသည်။