ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကြောင့် ရွာသား ၂၀၀ ကျော်တိမ်းရှောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားသည့်အတွက် နမ္မတူမြို့နယ်တွင် ပြည်သူ ၂၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ပူးပေါင်းတပ်ဖွဲ့များ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တပ်ဖွဲတို့ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ နမ္မတူနဲ့ ၁၄ မိုင်ကြားထဲမှာ ဖြစ်တာပါ။ ကျွန်တော်တို့ကြားတာကတော့ မြောက်ပိုင်း တပ်ပေါင်းစုနဲ့ တောင်ပိုင်း ရှမ်းအဖွဲ့တွေနဲ့လို့ ကြားတယ်ခင်ဗျ။ မနက် ၈ နာရီကျော်လောက်မှာစပြီး လက်နက်ကြီးသံ တော့ကြားတယ်။ အခုလည်းတောက် လျှောက်ကြားနေသေးတယ်။ ဒီဘက်ပိုင်းမှာ လက်နက်ကြီးတွေ” ဟု မန်စံ ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ မိုင်းမုကျေးရွာအုပ်စု ၀မ်ပုံ၊ ၀မ်ကောင် နှင့် မိုင်းမုကျေးရွာ ကြားတွင် ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA ပူးပေါင်းတပ်များနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့အကြား ၁ နာရီကျော်ကြာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု RCSS/SSA ပိုင် Tai Freedom.com နှင့် facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကော်စီ RCSS/SSA ပြောခွင့်ရ ဒု-ဗိုလ်မှူးစိုင်းဦးကလည်း “တိုက်ပွဲဖြစ်တယ် ဆိုတာကတော့ အတည်ပြုလို့ရပါတယ်။ ကျွန်တော်တို့ TNLA နဲ့ အဲဒါက မြေပြင်သတင်းရတာပါ SSPP လည်း ပါတယ်ဆိုတာ။ အသေးစိတ်အနေနဲ့တော့ မသိရပါဘူးခင်ဗျ။ အဲဒါက နမ္မတူမြို့နယ် မန်စံ မိုင်းမုပေါ့ သူက သီပေါ နဲ့ နမ္မတူသွားတဲ့ဘက်လမ်း၊ မန်စံမှာပေါ့။ မနက် ၈ နာရီမှာ ဖြစ်တယ်လို့ ပြောတယ်ဗျ” ဟု ပြောသည်။

၎င်းတိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော်ခန့် မန်စံကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသည်ဟု ပြောသည်။

“အခုကျွန်တော်တို့ ဒီမန်စံ ကျွန်တော်တို့ ဒီဘော်ဒါဆောင်မှာကျတော့ ကောင်းဟုန်းဖက်ကနေလာတာ အယောက် တစ်ရာကျော်သွားပြီ။ ကျွန်တော်တို့ကျတော့ ၂ နေရာလောက်ရှိမယ်။ အခုဒီကျနော်တို့ ခရစ်ယာန် ကနေ ဖွင့်နေတဲ့ ကျွန်တော်တို့ ဒီအဆောင်မှာကျတော့ တစ်ရာကျော်ရှိတယ်။ မန်စံဘုန်းကြီးကျောင်းမှာလည်း အဲမှာလည်း တစ်ရာ နီးနီး လောက်ရှိတယ်လို့ကြားတယ်ခင်ဗျ။ အခုကြားနေရတာကတော့ သုံးရွာလေးရွာ လောက်တော့ ထွက်ပြေး နေတယ်လို့ ကြားနေရတယ်” ဟု မန်စံဒေသခံတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်သူများ၏ စားဝတ်နေရေးကို မန်စံကျေးရွာရှိ သာရေးနာရေးကူညီမှုအသင်းက ကူညီလုပ်ဆောင်ပေးနေသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားလာသည့်အခါ ပြည်သူလူထုများသာ ဒုက္ခရောက်ရသည့်အတွက် လက်နက်ကိုင်တပ်များ အနေဖြင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်ပေးကြပါရန် ဒေသခံများက တောင်းဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များ ပူးတွဲစစ်ရေး လေ့ကျင့်မည်ဟု သတင်းထွက်ပေါ်လာသည့်နောက်ပိုင်း ဇူလိုင်လ ၁၆ ရက် (ယနေ့တွင်) RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။