ရှမ်း နှင့် ကချင်တွင် တိုက်ပွဲများ ပြန်ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်။

ဒုတိယ ပင်လုံညီလာခံ တတိယ အကြိမ် အစည်းအဝေး မတိုင်မီလေးတွင် ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

တိုင်းရင်းသား ဒေသများတွင် လအနည်းငယ်အကြာ တိုက်ပွဲများ ရပ်တန့်နေရာမှ ကချင်ပြည်နယ်တွင် ကချင် လွတ်လပ်ရေးတပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာသကဲ့သို့ ရှမ်းပြည်နယ်တွင်လည်း RCSS/SSA နှင့်အစိုးရတပ်မတော်တို့အကြား ဇူလိုင်လ ၉ ရက်နေ့ (ယမန်နေ့)က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံ များက ပြောသည်။

တနိုင်းဒေသခံ တစ်ဦးက “ကျွန်တော်တို့ တနိုင်းကနေလည်း လက်နက်ကြီးသံတွေလည်း ကြားရတယ်။ အောင်လော့ဒ်လမ်းဘက်မှာ ဖြစ်တယ်လို့ ပြောကြတယ်။ လက်နက်ကြီးပစ်သံတွေကြားနေရတယ် ညမှာ။ မနက်ပိုင်းရော၊ ညနေပိုင်းရော ညရော ကြားနေရတာ” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် KIA တို့အကြား ဇူလိုင်လ ၉ ရက်နေ့ (ယမန်နေ့)က ဖြစ်ပွား သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုလို ပြောသည်။

“မနေ့က ၉ ရက်နေ့မှာ ထင်တယ် မနေ့က မနက်ပိုင်းပေါ့ တနို်င်းနဲ့ အောင်လော့ဒ်ကြားမှာ ဘယ်လိုပြောရမလဲ ကျွန်တော်တို့ KIA တွေက ထောင်ထားတဲ့မိုင်းတွေ လုံခြုံရေးမိုင်းတွေကို တပ်မတော်ဘက်ကနေ နင်းမိလို့ သူတို့ဟာသူတို့ ပတ်ဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ နောက် ကျွန်တော်တို့နဲ့လည်း ရင်ဆိုင်တိုက်ပွဲတွေပေါ့ ထိတွေ့ရင်ဆိုင်တဲ့ တိုက်ပွဲတွေ ဖြစ်တယ်ပေါ့။ ၁၅ မိနစ် မိနစ် ၂၀ လောက် ဖြစ်တယ်”

အဆိုပါ တိုက်ပွဲမှာ KIA တပ်မဟာ ၂ လက်အောက်ခံ လုံခြုံရေးတပ်များနှင့် အစိုးရတပ်မတော်မှ တနိုင်းဒေသ နယ်ခံတပ်များ၊ တနိုင်း ဒစက လက်အောက်ခံ တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောသည်။

အလားတူ KIA တပ်မဟာ ၁ နယ်မြေ၊ ဆွမ်မရာဘွမ်ဒေသနှင့် ဖားကန့်ဒေသဘက်တွင်လည်း အစိုးရတပ်မ တော်မှ တပ်အင်အားများ တိုးချဲ့ထားသည်ဟု ဆက်ပြောသည်။

“KIA တပ်ရင်း ၁၀ ဘက်မှာလည်း တပ်မတော်ဘက်က နည်းနည်းလေး ချဉ်းကပ်လာတယ်လို့ ပြောတယ်။ နီး ကပ်လာတယ်လို့ ပြောတယ်။ ဟို ဖားကန့်ဘက်မှာလည်း နည်းနည်းပြန်လှုပ်ရှားတယ်လို့ သတင်းထွက်တယ်။ ဒါပေမယ့် အတိအကျတော့ မသိဘူး။ နည်းနည်းထပ်တိုးတယ်လို့ ကြားရတယ်” ဗိုလ်မှူးကြီးနော်ဘူ က ဆက် ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA နှင့် အစိုးရတပ်မတော်တို့ အကြား ဇူလိုင်လ ၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု RCSS/SSA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးစိုင်းဦး က ပြောသည်။

“မနေ့က ၁၂ လောက်မှာဖြစ်တယ်။ တစ်နာရီခွဲလောက်အထိပေါ့နော်။ ဖြစ်တာက တောထဲမှာဖြစ်တာဗျ။ တမင်သွားပြီး တက်တိုက်တဲ့သဘောမှာရှိတယ်။ အမှန်ဆိုဒါမျိုး ၂၁ ရာစုပင်လုံ လုပ်မယ့်အချိန်မှာ ဒါမျိုးတွေ မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ မြင်တယ်။ဒီတိုက်ပွဲတွေ မဖြစ်အောင် ကျွန်တော်တို့ဖက်က ထိန်းတယ်ပေါ့နော်။ တစ်ဖက်ကလည်း နယ်မြေစိုးမိုးရေး နယ်မြေလှုပ်ရှားရေး ဆိုပြီးတော့ သူတို့က လာပြီးတော့ နယ်မြေတွေမှာ နေရာအနှံတွေမှာ တပ်မတော် စစ်ကြောင်းတွေ ပိုက်စစ်တိုက်ရှာဖွေနေလို့ မလွှဲမရှောင်သာ ဖြစ်လာရတာ ပေါ့နော်”  ဟုပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ RCSS/SSA ၏ တပ်စခန်းတစ်ခုကို အစိုးရတပ်မတော်မှ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒုတိယ ဗိုလ်မှူးစိုင်းဦးက ပြောသည်။

ဇူလိုင်လ (၉) ရက်နေ့ကဖြစ်ပွားခဲ့သည့် အစိုးရတပ်မတော်နှင့် ကချင်နှင့် ရှမ်း တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ပြီး ၅ ရက်ကြာ ကျုင်းပပြုလုပ်မည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ နီးကပ်လာသည့်အတွက် ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့် သဘောရှိသည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက သုံးသပ်ပြောဆိုသည်။