လီဆူတိုင်းရင်းသားများ ကေအိုင်အို/ကေအိုင်အေကို ဆန့်ကျင် ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို/ကေအိုင်အေ) အား ဆန့်ကျင်သည့် ဆန္ဒပြပွဲတရပ်ကို မကြာခင်က ဖွဲ့စည်းထားသည့် လီဆူတမျိုးသားလုံး ဆန္ဒထုတ်ဖော်ရေး ကော်မတီမှ ဦးဆောင်၍ ပြုလုပ်ခဲ့သည်။

လီဆူလူမျိုးများအား အကြောင်းမဲ့ သက်သက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည့်အပေါ် တရားဝင် ပြန်လည် ၀န်ချတောင်းပန်ရန်နှင့် ယခုကဲ့သို့ သတ် ဖြတ်မှုများ နောင်နောက်တွင် မဖြစ်စေရဟုသည့် တာဝန်ယူမှုမျိုးပေးရန်လည်း မေလ ၂၂ ရက်တွင်ကျင်းပသည့် ဆန္ဒထုတ်ဖော်ပွဲတွင်  တောင်းဆို လိုက်သည်။

“တောင်းဆိုချက်ကတော့ တစ်အချက်က ဒီလိုကျနော်တို့ လူမျိုးတွေကို ဥပဒေမဲ့ သတ်ဖြတ်တဲ့အတွက် ဒါတွေကို ကျနော်တို့ကို ၀န်ချတောင်းပန်ပေးရမယ်။ နောက်တစ်ချက်က နောက်နောင်ကို ဒီလိုမဖြစ် ပေါ်စေတဲ့ ဒါကို တာဝန်ယူပေးမယ်ဆိုတဲ့ တရားဝင် တောင်းပန်မှုတွေကို တာဝန်ယူမှုတွေကို ကျနော် တို့ လိုချင်တယ်။ အဲဒီပြီးမှပဲ ကျနော်တို့က နစ်နာသွားသူများရဲ့ လူမှုရေး ကိစ္စပါ အဲဒါ နံပါတ် သုံး အချက်နဲ့ အဲလိုဖြစ်ပါတယ်ခင်ဗျား။” ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သည့် လီဆူအမျိုးသား ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးရွှေမင်းက ပြောသည်။

လီဆူတိုင်းရင်းသားများအပေါ် ကေအိုင်အို/ကေအိုင်အေမှ လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်စေသည့် အ ကြမ်းဖက် လုပ်ရပ်များ ဆက်တိုက်ပြုလုပ်လာသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ရ ခြင်းဖြစ်သည်ဟု ဦးရွှေမင်းက ဆက်ပြောသည်။

ထို့အပြင် ကေအိုင်အို/ကေအိုင်အေမှ လီဆူတိုင်းရင်းသားများ စီးပွားရေး လုပ်ကိုင်ရာတွင်ချုပ်ချယ်ခြင်း၊ လူဖမ်းငွေညစ်ခြင်း၊ တောထဲတောင်ထဲသို့ သွားရောက်ရာတွင် လွတ်လပ်စွာ သွားလာခွင့်မပြုပဲ ရိုက် နှက်ခြင်း ညှင်းဆဲခြင်း၊ တောင်ယာခုတ်နေသည့် လီဆူလူမျိုးများအာ အပြစ်မရှိပဲ သတ်ဖြတ်ခြင်း၊ ရရှိ လာသည့် သစ်ဥသစ်ဖုများအား သိမ်းဆည်းခြင်း အစရှိသည့် လူအခွင့်အရေးချိုးဖောက်မှုများကို လီဆူ တိုင်းရင်းသားများအနေဖြင့် တွေ့ကြုံခံစားနေရသည်ဟု ဒူးလေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း မှ ပြော သည်။

ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ ကေအိုင်အို/ကေအိုင်အေမှ သတင်းနှင် ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုလိုက်သည်။

“ကျနော်တို့ ကေအိုင်အိုရဲ့ ပေါ်လစီကတော့ ကျနော်တို့ လူမျိုးတွေ ခွဲခြားပြီးမှ ဆက်ဆံတာတွေ လူမျိုး တွေ ခွဲခြားပြီးမှ သတ်ဖြတ်တာတွေ ဒါက ပေါ်လစီလည်း မရှိပါဘူး။ လက်တွေ့မှာလည်း မရှိပါဘူး။”

ဒီကနေ့ ဆန္ဒပြပွဲဟာ စစ်အုပ်စုရဲ့ စီစဉ်မှု ဖြစ်နိုင်တယ်လို့ ကေအိုင်အေက တန်ပြန်စွပ်စွဲခဲ့သည်။

“တမင်တကာ ကျနော်တို့ရဲ့ ရန်သူဖက်ကနဲ့ သွေးခွဲပြီးမှ အစီအစဉ် ရှိရှိနဲ့ လုပ်တယ်လို့ ကျနော် အဲလိုပဲ ပြောလိုပါတယ်။ အမှန်တကယ် လီဆူလူမျိုးစုနွယ်တွေ သူတို့ ဆန္ဒနဲ့သူတို့ လုပ်တာလည်း မဖြစ်နိုင် ဘူးလို့ ကျနော်ပြောလိုပါတယ်။ တချို့တလေပေါ့နော တစ်ယောက်နှစ်ယောက်ပေါ့နော အဲဒီ ရန်သူ ဖက်ကရပ်တည်ပြီးတော့မှ ဒါပေမယ့် လီဆူလူမျိုးစုနွယ်အနေနဲ့ လုပ်တာတော့ မဖြစ်နိုင်ဘူးလို့ ကျနော် ပြော လိုပါတယ်။” ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူ မှ ပြောသည်။

ယခုကဲ့သို့ ကေအိုင်အို/ကေအိုင်အေ၏ လုပ်ရပ်များ အပေါ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်သော် လည်း မိမိတို့အနေဖြင့် အခြားမျိုးနွယ်စုများအား တိုက်ခိုက်ခြင်းမဟုတ်ကြောင်း၊ လူမျိုးရေး လုပ် ဆောင်မှု မဟုတ်ကြောင်း၊ ကေအိုင်အေ/ကေအိုင်အိုကိုသာ ဆန့်ကျင်ကြောင်း ဦးရွှေမင်းက ပြော သည်။

ယနေ့ကျင်းပသော လူထု ဆန္ဒထုတ်ဖော်ပွဲတွင် မြစ်ကြီးနားမြို့ ၊ ဝိုင်းမော်မြို့ ၊ ပူတာအိုမြို့ စတဲ့ မြို့တွေ အပါအဝင် မြိုနယ် ၁၅ မြို့ နယ်မှ လူ သုံးထောင်ခန့် ပါဝင်တက်ရောက် ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။