သတင်းနှင့်မီဒီယာ ကွန်ယက်။
မေလ ၇ ရက်။ ၂၀၁၆ ခုနှစ်။

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် တရုတ်-မြန်မာနယ်စပ်အနီး အထူးဒေသ-၄ မိုင်းလားမြို့နယ် တာလော့မြို့ရှိ ယမ်းသိုလှောင်ထားသည့် ဂိုဒေါင်တစ်ခုတွင် ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပေါ်ခဲ့မှုကြောင့် ပထမဆုံးအကြိမ် သေဆုံးဒဏ်ရာရမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းမှ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) အဖွဲ့၏ ယမ်းဂိုဒေါင်ရုံတခုသည် မေလ ၇ ရက်နေ့ မနက်ပိုင်း ၈ နာရီခန့်က ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မိုင်းလား တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မောင်က “မနက် ၈ နာရီနီးပါးပါ။ ကျနော်တို့ သတ္တုတူးတွင်းသုံးမယ့် ယမ်းဂိုဒေါင်လေ တည်ဆောက်ရေးသုံးတဲ့ ယမ်းဂိုဒေါင်ပေါ့ ကျနော်တို့ အုပ်ချူပ် မှုလည်း အားနည်းတာပေါ့၊ ကျနော်တို့ ပထမ ရှာဖွေတော့ အလောင်း ၂ လောင်းတွေ့တယ်။ နောက် နည်းနည်း ပြန်ရှာရင်းနဲ့ နောက်ထပ် ၄ လောင်း ထပ်တွေ့တယ်။ အခု ၆ ယောက်တော့ တိကျတယ်။ ဆေးရုံ ပထမအသုတ် ပို့ထားတာတော့ ၂၀ ကျော်ရှိတယ်။” ဟု ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသော နေရာသည် တရုတ်နိုင်ငံနဲ့ ကီလိုမီတာ ၁၀၀ ခန့်သာကွားဝေးပြီး ပေါက်ပွဲမှုဖြစ်ချိန် အဆိုပါနေရာတွင် တရုတ်ခရီးသွားဧည့်သည် နှစ်ထောင်နီးပါးခန့် ရောက်ရှိနေပြီး ဒဏ်ရာရရှိသူများထဲတွင် တရုတ်လူမျိုးများလည်း ပါဝင်ကြောင်းနှင့် တရုတ်နိုင်ငံဘက်မှလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီ လုပ် ဆောင်ပေးခဲ့ကြောင်း ဦးကြည်မောင်က ဆက်ပြောသည်။

“ပေါက်ကွဲတဲ့အခါနဲ့ တရုတ်နဲ့ မြန်မာနယ်စပ် မှတ်တိုင် ၂၁၈ မှတ်တိုင်နားမှာပေါ့ အဲ့ဒီနေရာမှာလည်း တရုတ်ရဲ့ ခရီးသွားဧည့်သည် နှစ်ထောင်ကျော်နီးပါးလောက်ရှိတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်။ အသေးစိတ်တော့ မသိသေးဘူး။ အခုတော့ မီးတော့ ငြိမ်သွားပြီ။ ဖြစ်ပြီးတဲ့နောက်မှာဆိုရင် တရုတ်က နယ်ခြားစောင့်ရဲတွေ တရုတ်ရဲ့ နယ်ခံအစိုးရတွေလည်း လာကူ တယ်။”

ဦးစိုင်းလင်း ဦးဆောင်သည့် အထူးဒေသ-၄ မိုင်းလားတပ်ဖွဲ့ခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)သည် ၁၉၈၉ ခုနှစ်ကတည်းက မြန်မာအစိုးရတပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။