အစိုးရနှင့်ဆွေးနွေးရေး UNFC ခေါင်းဆောင်များ စည်းဝေး

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇွန်လ ၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစု၏ ဗဟိုအလုပ်အမှုဆောင် တိုးချဲ့ အစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့စတင်ကျင်းပနေသည်။

ဇွန်လ ၂ ရက်နေ့အထိ ကျင်းပမည့် ယခုအစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN မှ ဒုတိယအကြိမ်မြောက် ရေးဆွဲထားသည့် DPN ၏ မဟာဗျူဟာ ရှေ့လုပ်ငန်းစဉ်အား ဆွေးနွေးအတည်ပြုရန်ကိစ္စ၊ ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် မကြာမှီ တွေ့ဆုံဆွေးနွေးနိုင်ရန်ကိစ္စ များကို အဓိက ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

တဆက်တည်းမှာပင် UNFC မှ နုတ်ထွက်ခွင့်တောင်းဆိုထားသည့် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA အဖွဲ့များကိစ္စ၊ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၈ ဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စ၊ ယခင် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကိစ္စရပ်များကို ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

ယခုအစည်းအဝေးတွင် UNFC တပ်ပေါင်းစုအဖွဲ့၏ အစည်းအဝေးကို လာရောက်လေ့လာ လိုသူများကိစ္စနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးရန်ရှိပြီး UNFC မှ ပြုစုထားသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ကိုလည်း သုံးသပ်ဆွေးနွေးသွား ရန်ရှိသည်ဟု သိရသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးကို ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO ဒုဥက္ကဌ ဗိုလ်ချူပ် အင်ဘန်လ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ဗိုလ်ချူပ် စိုင်းထူး ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဌ အေဘယ်တွီ ၊ မွန်ပြည်သစ်ပါတီNMSP ဥက္ကဌ နိုင်ထောမွန် ၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ဥက္ကဌ ဒေါက်တာ ခင်မောင် နှင့် လားဟူဒီမိုကရက် တစ်ပါတီLDP ၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO မှ ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်ပြီး မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA အဖွဲ့မှ ကိုယ်စားလှယ် ပါဝင်တက်ရောက်ခြင်း မရှိဟု သိရသည်။