အပစ်မရပ်သေးသည့် တိုင်းရင်းသားများ ပင်လုံညီလာခံတက်ရန် ပူးပေါင်းမည်ဟုဆို

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇွန်လ ၃ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

သမ္မတ ဦးထင်ကျော်ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင်ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Shangri-la Hotel မှာကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် NCA လက်မှတ်မရေးထိုးကြ ရသေးသည့် တိုင်းရင်းသားခေါင်းဆောင်များမှ ပြောဆိုလိုက်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က ပြောဆိုသည်။

ဝမ်းသာစရာအချက်ကတော့ အားလုံးကတော့ ဒီညီလာခံကို တက်နိုင်ဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်မယ် ဆိုတာ အဖြေတခု ကျနော် ရလိုက်ပါတယ်။ ဒါအဓိကပဲပေါ့

 ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် DPN အဖွဲ့မှ ဒု အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် ဂွန်မော် ဦးဆောင်သည့် အဖွဲ့ဝင် ၁၂ ဦးသည် ယနေ့ နံနက် ၁၀ နာရီက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၂ နာရီကျော်ကြာ တွေ့ဆုံမှုတွင် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့က ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားတိုက်တွန်းခဲ့ပြီး တိုင်းရင်းသားတွေကလည်း သူတို့ သိလိုသည့်အချက်များအား မေးမြန်းခဲ့ကြသည်ဟု ဗိုလ်ချူပ် ဂွန်မော် က သတင်းထောက်များအား ပြောဆိုသည်။

NCA ကိုထိုးပြီးမှပဲ ဒီညီလာခံကိုတက်ရောက်ခွင့်ရှိမှာလား နောက်တခုကတော့ ဒီညီလာခံနဲ့ အရင် NCA နဲ့ ဘယ်လို ချိတ်ဆက်မလဲ အခုက ငြိမ်းချမ်းရေး ညီလာခံ လို့လည်း ပြောတယ် ပြီးတော့ ၂၁ ရာစု ပင်လုံလည်း ပြောတယ်ဆိုတော့ ဒီအပေါ်မှာ သူ့ရဲ့သဘောထားက ဘာတွေလည်း တချို့အဖွဲ့တွေကို NCA ထိုးပြီးမှ တက်ရမယ်လို့ ပြောခဲ့သလို တချို့အဖွဲ့တွေကို ထိုးစရာမလိုဘူးလို့ ပြောတဲ့အပိုင်းက ဘာလဲ နောက် အရင် အစိုးရလက်ထက်က ညှိနှိုင်းဖို့ ခက်ခဲနေတဲ့ ကိုးကန့် တအာင်း နဲ့ ဒီ AA ကိစ္စ များကိုကော ဘယ်လို သဘောထားသလဲ ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်

တိုင်းရင်းသား ခေါင်းဆောင်များ၏ မေးမြန်းတင်ပြမှုများအား တိတိကျကျ ပြန်လည်ဖြေကြား နိုင်ခြင်းမျိုး မရှိပဲ အထက်တာဝန်ရှိသူတွေကိုတင်ပြပြီး ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွား ကြမည်ဟု ဖြေကြားခဲ့ကြောင်း ဗိုလ်ချူပ် ဂွန်မော် မှ ဆက်လက်ပြောဆိုသည်။

ထိုအစည်းအဝေးတွင် ဒေါက်တာ တင်မျိုးဝင်း က NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် နိုင်ငံရေးမူဘောင်ဆိုင်ရာ ကိစ္စတွေကို အတူတကွ လာရောက်ဆွေးနွေးပြီး ပြန်လည်သုံးသပ်နိုင်ဖို့အတွက် တက်ရောက်ရန် ဖိတ်ကြားခဲ့သည်ဟုလည်း သိရသည်။

အစိုးရသစ်လက်ထက် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲအား အစိုးရဖက်မှ ဒေါက်တာ တင်မျိုးဝင်း၊ အငြိမ်းစား ဒုဗိုလ်ချူပ်ကြီး ခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး တို့တက်ရောက်ခဲ့သည်။

NCA လက်မှတ်မရေးထိုးကြရသေးသည့် တိုင်းရင်းသားခေါင်းဆောင်များ ဖက်မှ ဗိုလ်ချူပ် ဂွန်မော်၊ ဗိုလ်ချူပ် စိုင်းထူး၊ ဗိုလ်မှူးကြီး စောလမွန်၊ ဒေါက်တာ နိုင်ရွှေသိန်း၊ ဗိုလ်ချူပ် ဘီထူး၊ ဒူဝါးဘဝမ်လရော်၊ ဗိုလ်မှူးကြီး စပ်စေအွန်၊ နိုင်ရွန်တိန်း၊ တာ့အိုက်ညွန့်၊ ဒေါက်တာ ခင်မောင်၊ ဦးထွန်းဇော်၊ ဗိုလ်မှူးကြီး မင်းထွန်း တို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်သည့်အဖွဲ့သည် လာမည့် ဇွန်လ ၈ ရက်နေ့တွင် မြန်မာပြည် မြောက်ပိုင်း မှ UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် နှင့် အထူးဒေသ ၄ မှ မိုင်းလားတပ်ဖွဲ့များနှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ဆက်လက်တွေ့ဆုံသွားရန်ရှိသည်ဟု သိရသည်။