ကွက်ခိုင်မြို့တွင်း၌ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၇ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွက်ခိုင်မြို့တွင် ဇန္နဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် အစိုးရတပ်မတော်နှင့် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလယ်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများနှင့် စစ်ရှောင် ဒုက္ခသည်များ ပိတ်မိနေသည်ဟု ဒေသခံများ ကပြောသည်။

ကွတ်ခိုင်မြို့ရှိ ရပ်ကွက်(၄) နှင့် ရပ်ကွက် (၆) ကြား ဘက်မှ သေနတ်သံ၊ လက်နက်ကြီးသံများ နာရီဝက်ခန့် ဆူညံလာပြီး အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးတဝှိုက်အား အစိုးရတပ်မတော်မှ လုံခြုံရေးတိုးမြှင့် ထား သည်ဟု သိရသည်။

“လောလောဆယ်တော့ ကွတ်ခိုင်က ရပ်ကွက် ၄ နဲ့ ၆ နဲ့ကြားပေါ့ တာမိုးညှဲသွားတဲ့လမ်းပေါ်မှာတော့ ဆိုင် ကယ် တွေရော ကားတွေရော လူတွေရော တစ်ဦးမှ ဖြတ်သန်းခွင့်မပြုသေးဘူးဗျ။ အလက (၁) က ဆရာမ တွေရော ကျောင်းသူ/သားတွေလည်း ပိတ်မိနေတယ်။ လုံးဝထွက်ခွင့်မပြုသေးဘူး။ အထဲမှာ ပိတ်မိနေတုန်းပဲ။ ကျနော်တို့ စိတ်ပူနေတာက ကျောင်းက ကလေးတွေအတွက်ပဲဗျ။ အဲ့နားမှာက ကျောင်းလည်းရှိတယ်။ ဒုက္ခသည်စခန်း လည်း ရှိတယ်ဗျ။ အခုအဲ့ဒီမှာ စစ်တပ်က စစ်သားတွေ ရဲဘော်တွေတော့ အများကြီးရှိတယ်။” ဟု ကွတ်ခိုင်မြို့မှ ဒေသခံ တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ရပ်ကွက်(၆) တွင် လွန်ခဲ့သည့် နှစ်ပတ်အကြာလောက်က မန်လုံကျေးရွာမှ စစ်ဘေး တိမ်းရှောင်လာသည့် စစ်ရှောင် ဒုက္ခသည် တစ်ရာကျော်ခန့် မူကြိုကျောင်းဝင်းအတွင်း ခိုလှုံနေကြရသည် ဟုသိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်ပြီး ယမန်နေ့ညက ဆက်သွယ်မေးမြန်းရာ “ကွတ်ခိုင်မြို့ထဲပဲ၊ မြို့ထဲကိုမှ မြို့အစွန်လောက်ကျတာပေါ့။ တာမိုးညဲသွားတဲ့ လမ်း ပေါ်ပဲ၊ အဲ့နားမှာ ချောင်းလည်းရှိတယ်။ ချောင်းဘေးနား တလျှောက် ဖြစ်တာနေတာဗျ။ လက်နက် ကြီးအသံရော၊ လက်နက်အသေးအသံရော သေနတ်သံတွေ ကြားနေ ရတယ်။ ဘယ်သူတွေနဲ့ ဖြစ်တယ်ဆိုတာတော့ မသိသေး ဘူး။ အသိတွေကလည်း ဘယ်သူမှ အပြင်မထွက် ရဲကြဘူး။ ကျနော်တို့ကတော့ လိုအပ်လို့ အကူ အညီတောင်း တာနဲ့ သွားဖို့အဆင်သင့်ပြင်ထားတယ်။ ဒါပေမယ့် လမ်းတွေ အကုန်လုံး ပိတ်ထားတယ်။ တိုက်ပွဲဖြစ် တာတော့ နာရီဝက်လောက်ကြာမယ်။ ၃ နာရီလောက်ကနေ ဖြစ်တာဗျ။ သေနတ်သံတွေကို ဆူညံသွားတာပဲ။ ည နေ ၆ နာရီလောက်အထိ ကြားနေရတုန်းပဲ။ “ ဟု ဗြဟ္မစိုရ်နှ လုံးသား လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ကွတ်ခိုင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှလည်း “ခဏတဖြုတ်ပဲ ဖြစ်တာပါ။ ၅ မိနစ်ပဲ အသံထွက်တာပါ။ ဖြစ်တာက နည်းနည်းမြို့အစွန်ဘက်က ဆိုတော့ ကျနော်တို့ကိုလည်း ဒီကနေ အပြင်မထွက်ရဘူးဆိုတော့ ဘယ် သူတွေနဲ့ ဖြစ်တယ်၊ ဘယ်လောက်ထိ ဖြစ်တယ်ဆိုတာ ပြောလို့မရသေးဘူး။ အတိအကျမသိသေးဘူး။” ဟု ကွတ်ခိုင်မြို့မ ရဲစခန်းမှ ပြောသည်။

တိုက်ပွဲကြောင့် နေအိမ်တချို့ ပျက်ဆီးဆုံးရှုံးမှုများရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေသည်ဟု ဗြဟ္မစိုရ်နှ လုံးသား လူအမှုကူညီရေးအသင်းမှ တာဝန်ရှိသူမှ ပြောဆိုသည်။

“လောလော ဆယ်တော့ တပ်က ဒဏ်ရာရတာ တစ်ယောက်တော့ ရှိတယ်လို့ပြောတယ်။ ကျနော်တို့ အသင်းက တော့ မကူညီ လိုက်ရဘူး။ ဆေးရုံက လူနာတင်ကားနဲ့ သွားပြီးသယ်တာတွေ့တယ်။ စုံစမ်းကြည့်တော့ တပ်က တယောက် ဒဏ် ရာရတာလို့ ပြောတယ်။ လူထုထဲကတော့ ဒဏ်ရာရတာ မကြားသေးဘူး။ ခက်တာက ဘယ်သူ့မှ မဝင်ခိုင်းဘူး။ ဖြတ်သန်းခွင့် သွားလာခွင့်မပေးသေးဘူး။ အိမ်တွေတော့ သေနတ်ကျည်ထိတာတွေ ရှိတယ်လို့ကြား တယ်။ ပျက်ဆီးဆုံးရှုံးမှု ကပေါ့နော်။ ကျနော်တို့ စိတ်ပူနေတာက ကျောင်းက ကလေးတွေဗျ။ ပြီးတော့ ဒုက္ခသည် တွေပေါ့။” ဟု ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးတဝှိုက်တွင် လမ်းများပိတ်ထားပြီး အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်နေဆောင်နေသည့်အတွက် တိုက်ပွဲများ ဆက်ဖြစ်ပွားနေကြောင်း၊ အရပ်ဝတ်နှင့် လူနှစ်ဦးကို လည်း အစိုးရတပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်လာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများမှ ပြောသည်။

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်၊ ရှုခင်းသာအနီး၊ နမ့်ဖက်ကာကျေးရွာအုပ်စုရှိ ကျေးရွာတချို့နှင့် အနီးတစ်ဝှိုက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားများ ဒီမိုက်ရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ပါဝင်သည့် မြန်မာပြည် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် မြန်မာ့မတပ်မတော် အ ကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည် ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ မုံးကိုး၊ ကြူကုတ်-ပန် ဆိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံရှိ ရဲကင်းများ၊ စစ်တပ်စခန်းများအား မြန်မာပြည် မြောက်ပိုင်း မဟာမိတ် အဖွဲ့မှ တစ်ပြိုင်နက်ထဲ စတင် ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။