ငြိမ်းချမ်းရေး ဆွေးနွေးမှု နောက်ဆုံးရလာဒ်များအပေါ် UNFC ဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၃ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးကို ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသည်။

ယခုအစည်းအဝေးတွင် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်လာရန် UNFC မှ ဖွဲ့စည်းထားသည့် နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN မှ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နောက်ဆုံး အခြေအနေများကို တင်ပြပြီး ရှေ့လုပ်ငန်းစဉ်အတွက် အဓိက ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

တဆက်တည်းမှာပင် ၂၀၁၆ ခုနှစ် ဇူလိုင်လက မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးတွင် သဘောတူညီထားကြသည့် ပင်လုံလက်စွဲစာတမ်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖွဲ့စည်းပုံအခြေခံ တွင် ပါဝင်ရမည့် အခြေခံမူများ၊ အမျိုးသား ကာကွယ်ရေးနှင့် အမျိုးသား လုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများနှင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဆိုင်ရာ မူဝါဒများကို လက်ရှိ အကောင်အ ထည် ဖော်ဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးသွားကြရန် ရှိသည်ဟု သိရ သည်။

နှစ်ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးရေး၊ မရေးထိုးရေး ကိစ္စများကိုလည်း ဆွေးနွေး ဆုံးဖြတ်နိုင်ဖွယ်ရှိသည်ဟု အစည်းအဝေး တက်ရောက်လာသည့် ခေါင်းဆောင်တချို့မှ သုံးသပ်ပြောဆိုသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ဗဟိုအလုပ်အမှု ဆောင် ကော်မတီ အရေးပေါ် အစည်းအဝေးကို ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုး တက်ရေးပါတီSSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီNMSP၊ ရခိုင် ပြည် အမျိုးသား ကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ် အစည်းအရုံး LDU နှင့် ၀ အမျိုးသား အဖွဲ့ချူပ် WNO စသည့် အဖွဲ့ ၇ ဖွဲ့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်နေသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့အား ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့နှင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။