တိုင်းရင်းသား ဆက်ဆံရေးရုံးများ စိန်ခေါ်မှု နှင့် အခက်အခဲများ ရင်ဆိုင်နေရဟု KNU ခေါင်းဆောင် ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၁၇ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချူပ် Bilateral Agreement လက်မှတ်ရေးထိုးထားပြီး ဆက်ဆံရေးရုံးများဖွင့်ထားကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ရဲ့ လုပ်ငန်းတာဝန်များအား ပိုမိုတိကျစွာ အကောင်အထည်ဖော်နိုင်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ၁၇ ရက်နေ့ ယနေ့နံနက်တွင် အစည်းအဝေးတစ်ရပ် ကျင်းပနေသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ခေါင်းစဉ်ဖြင့် နှစ်ရက်ကြာကျင်းပမည့် ယနေ့အစည်းအဝေး အဖွင့် မိန့်ခွန်း တွင် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး က လက်ရှိ ကရင်ပြည် နယ်အတွင်း၌ Bilateral Agreement လက်မှတ်ရေးထိုးပြီးနောက် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထား ရှိခဲ့သော်လည်း လုပ်ငန်းအကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေကြရတဲ့အတွက် အခုအစည်းအဝေးက အဖြေရှာနိုင်မယ်လို့ မျှော်လင့် ကြောင်း ပြောဆိုခဲ့သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချူပ်ကြီး ယွက်စစ် ကတော့ အပစ်ရပ် စဲပြီး ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားတာဟာ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေအကြား အပြန် အလှန် ဆက်ဆံကြဖို့နဲ့ လက်တွဲအတူတကွ ပူးပေါင်းကြဖို့လို့ သဘောထားရှိကြောင်း မြင်မိသော် လည်း လက်ရှိမှာ တပ်မတော်ဖက်က JMC ဆိုသည့်အမည်ဖြင့် မိမိတို့ကို ဖိအားပေးမှုတွေ ရှိနေ တယ်လို့ မြင်တွေ့ရကြောင်း နှင့် ယခုအတိုင်းဆက်သွားနေမည်ဆိုရင် ပြသနာတွေ ပိုမိုကြီးထွား လာနိုင်ကြောင်း မြင်မိတဲ့အတွက် အခုအစည်းအဝေးကနေပြီး အဖြေရှာကြဖို့ တိုက်တွန်းပြော ဆိုခဲ့သည်။

ယနေ့ အစည်းအဝေးမှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အထောက်အကူပြု လုပ်ငန်းတာဝန်များ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်း အထောက်အကူပြု လုပ်ငန်း တာဝန်များ၊ အရပ်သားများအား ကာကွယ်သည့် လုပ်ငန်းများ၊ လူသားခြင်း စာနာထောက်ထားမှု အကူအညီ ပေးခြင်း ဆိုင်ရာ လုပ်ငန်းများ နှင့် အဖွဲ့အစည်းအတွင်းအပါအဝင် ပြည်သူလူထုများကို အရည်အချင်း မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ ကိစ္စတွေကိုလည်း ခေါင်းစဉ်အလိုက် ဆွေးနွေးသွား ကြရန် ရှိသည်ဟု သိရသည်။

အစိုးရနှင့် အပစ်ရပ်စဲပြီးနောက် KNU ကရင်အမျိုးသား အစည်းအရုံး အဖွဲ့ ဆက်ဆံရေးရုံး (၆) ရုံး၊ KNLA/PC ဆက်ဆံရေးရုံး ( ၃) ၊ DKBA ဆက်ဆံရေးရုံး (၃ ) ၊ ချင်းအမျိုးသားတပ်ဦး CNF ဆက်ဆံရေးရုံး ( ၃) ရုံး၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံး (၁) ရုံး ၊ ABSDF ဆက်ဆံရေးရုံး (၁) ရုံး၊ ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ဆက်ဆံရေးရုံး ( ၃) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဆက်ဆံရေးရုံး (၇) ရုံး၊ မွန်ပြည်သစ်ပါတီ NMSP ဆက်ဆံရေးရုံး (၆ ) ရုံး၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဆက်ဆံရေးရုံး ( ၃) ရုံးနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP ဆက်ဆံရေးရုံး (၃) ရုံး ဖွင့်လှစ်ထားရှိပြီး ယခုအစည်းအဝေးသို့ ဆက်ဆံရေးရုံးတာဝန်ယူထားသူများအားလုံး တက်ရောက်ဆွေးနွေးနေသည်။

ယနေ့ အစည်းအဝေးမှ ရရှိလာသည့် အချက်များကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကတဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ထံ တင်ပြပြီး အတည်ပြုချက်ရရှိအောင် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ယနေ့ အစည်းအဝေးကို အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ KNLA/PC ကရင်ငြိမ်းချမ်းရေးကောင်စီ ၊ ပအို့အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA အဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ယခု အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်တွင် အခြေစိုက်သည့် ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်သော ဥရောပမြန်မာရုံး (Euro-Burma Office – EBO) မှ ကမကထ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။