ကချင် ရွာသားများ သတ်ဖြတ်မှု တပ်မတော်သားများ ဝန်ခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၁၉  ရက်၊ ၂၀၁၇ ခုနှစ်။

ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ဒုက္ခသည် စခန်းမှ ရွာသား(၃)ဦးအသတ်ခံရမှုနှင့် ပက်သက်၍ စွဲချက် တင်ခံထားရသည့် တပ်မတော်သားများအားလုံး ပြစ်မှုကျူးလွန်ကြောင်း ယနေ့တွင် ဝန်ခံလိုက်သည်။

မန်စီမြို့၊ ခမရ ၃၁၉ စခန်းရှိ တပ်မတော်စစ်ခုံရုံးတွင် ယနေ့ မြန်မာ့တပ်မတော်မှ တပ်မတော်သား (၆)  ဦး တို့အား ထပ်မံစစ်ဆေးရာ ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု မိုင်းခေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပီတာဘောက်နော် က ပြောသည်။

“အမှုထပ်စစ်တယ် ဒီနေ့မနက်၊ ရဲဘော် နှစ်ယောက်၊ အရာရှိ သုံးယောက်ပေါ့။ တပ်ရင်းမှူးအပါ၊  အားလုံး ခြောက်ယောက်၊ အားလုံးက ဝန်ခံလိုက်တာပါ။ နေ့လည် ၂ နာရီလောက်မှာ ပြီးတယ်။”

အမှုစစ်ဆေးရာသို့ အရပ်သားများ သွားရောက်နားထောင်ခွင့်ရခဲ့သည်။

“camp တာဝန်ခံတွေရော၊ ကျနော် တို့ရော အားလုံးပါဝင်ပါတယ်။ သွားနားထောင်တယ်။ သေဆုံးသွားတဲ့သူတွေရဲ့ ကျန်ရစ်သူ အမျိုးသမီးတွေ အားလုံးက ထွက်ဆိုထားတယ်။ camp တာဝန်ခံတွေကလည်း တရားလိုအနေနဲ့ ထွက်ဆိုပေးတယ်” ဟု ယနေ့ စစ်ဆေးမှုနှင့် ပတ်သက်၍ ဦးပီတာဘောက်နော်က ပြောသည်။

မြန်မာ့တပ်မတော်မှ တပ်သား(၂) ဦး၊ အရာရှိ(၃) ဦးနှင့် တပ်ရင်းမှူး စုစုပေါင်း (၆) ဦးတို့အား ယနေ့တွင် ထပ်မံ စစ်ဆေးရာ ယနေ့တွင် ဝန်ခံလိုက်ခြင်းဖြစ်သည်။

မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သည့် မရန်ဘရန်ဆိုင်း၊ အင်ခွန်ဂမ်အောင်၊ လဗျနော်ခွန်း  ၃ ဦအား ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ ညနေပိုင်းက နေ့စားလုပ်ကိုင်ပြီး အပြန်တွင် ပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာ မေလ ၂၈ ရက်နေ့တွင် မိုင်းခေါင်ရွာအရှေ့ဘက် လေးမိုင်လောက်ဝေးသည့် နေရာမှာ အလောင်းများကို တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မိုင်းခေါင် စစ်ရှောင်စခန်း တာဝန်ခံ ဦးတမော်နော်မိုင် က “ဝန်ခံလိုက်ပြီ။ အခုက သူတို့က ထွက်ဆိုထားတဲ့ဟာကို သူတို့က အကုန်လုံးပေါင်းချုပ် ပြန်လုပ်ပေးပြီးမှ နေပြည်တော်ကို ပို့ပြီးမှ သူတို့က တရားပြန်ချမယ်လို့ပြောပါတယ်။”

သို့သော်လည်း တရားဝင် ပြောဆိုခြင်းမဟုတ်ဟု စခန်းတာဝန်ခံက ပြောသည်။

“တရားသူကြီးကတော့ နေပြည်တော်ကို ပို့မယ်လို့တော့ မပြောပါဘူး။ ဒါအပြင်စကားပါ ရဲဘော်တွေ ပြောပြတာလောက်ပါပဲ။ ဒါပေမယ့် တရားသူကြီးဖက်ကတော့ အကောင်းဆုံး မနက်ဖြန် ချက်ချင်းပို့ပေးမယ်ဆိုတာပဲ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပို့ပေးမယ်ဆိုတာတော့ အဲလိုမျိုးပဲ ပြောပါတယ်။ အဲကနေ သူတို့ အကောင်းဆုံးတော့ စီစဉ်ပေးပြီး တရားစီရင်ချက်ချမှာပါလို့ အဲလိုမျိုးပဲ ပြောသွားပါတယ်” ဟု  ပြောသည်။

ယခုအမှုသည် သာမန်အရပ်သားများမှ ကျူးလွန်သည့် အမှုမဟုတ်ကြောင်း၊ စစ်ခုံးရုံးဖြစ်သည့်အတွက် အရပ်ဘက် တရားရုံးကဲ့သို့ အယူခံဝင်ခွင့်မရှိကြောင်း ယနေ့ရရှိလာသည့် ထွက်ဆိုချက်များအား မနက်ဖြန်တွင် တပ်မတော်မှ အထက်အရာရှိများအား အမြန်ဆုံးပေးပို့ပြီး စီရင်ချက်ချနိုင်အောင် လုပ်ဆောင်သွားမည်ဟု အမှုလာရောက် ကြားနာသူများအား တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်ဟု မိုင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

အသတ်ခံရသည့် စစ်ဘေးရှောင် ၃ ဦး၏ မိသားစုဝင်များအနေဖြင့် တရားမျှတသည့် စီရင်ချက်မျိုးကို လိုလားပြီး ၎င်းတို့အနေဖြင့် ထွက်လာမည့် စီရင်ချက်အား စောင့်ကြည့်ပြီးမှ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို ဆုံးဖြတ်သွားမည်ဟု ဦးတမော် နော်မိုင် က ဆက်ပြောသည်။

ယနေ့ စစ်ဆေးမှုတွေ သေဆုံးသူများ၏ မိသားစုဝင်များ၊ မိုင်းခေါင်ကျေးရွာရှိ ဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ဒုက္ခသည်စခန်းတာဝန်ခံများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။