ထိုင်းနယ်စပ် ယာဉ်မှောက်မှု မြန်မာ့တပ်မတော် ယာယီတပ်ရင်းမှူး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ နှင့် မဲ့စရင်းယန်းမြို့ အကြား မော်တော်ယာဉ် မတော်တဆဖြစ်ပွားခဲ့ မှုကြောင့် မြန်မာ့တပ်မတော်မှ ယာယီတပ်ရင်းမှူးတစ်ဦး အပါအဝင် လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါ ယာဉ်မတော်တဆဖြစ်ပွားမှု ကြောင့် နယ်စပ်အစည်းအဝေး တက်ရောက်ရန်လာသူ မြန်မာ့တပ်မတော်မှ ယာယီတပ်ရင်းမှူး တာဝန်ယူထားသည့် ဒု-တပ်ရင်းမှူး ဗိုလ်မှူး နိုင်လင်းစိုးအပါအဝင် လေဦးသေဆုံးခဲ့သည်ဟု ကူညီဆောင်ရွက်ပေးနေသည့် ကိုဖိုးခွားက ပြောသည်။

“၄ ယောက်ကသေတယ်။ ၂ ယောက်ကတော့ ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့လူကတော့ အဲ့ဒီ ဒုတပ်ရင်းမှူး PSO တစ်ယောက်၊ နောက်ပြီးတော့ ကရင်လူမျိုး တစ်ယောက်၊ သူတို့ အလောင်းတွေကတော့ ပြန်ပို့လိုက်တယ်။ ဒါပေမယ့် လူနာကတော့ အဲ့ဒီ မယ့်တန့်ဆေးရုံမှာ ကုသနေတုန်းပဲ။ ဗမာစစ်သားကတော့ နှစ်ယောက်၊ ဒုတပ်ရင်းမှုး တစ်ယောက်နဲ့ ပြီးတော့ သူ့ရဲ့ PSO တစ်ယောက် နိုင်လင်းစိုး ဒုတပ်ရင်းမှူး၊ ခလရ ၂၈ ဒါပေမယ့် သူ့ PSO တစ်ယောက်ကတော့ နာမည် မသိသေးဘူး” ဟု ကိုဖိုးခွားက ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့ မြိုနယ် ခလယ်ဒေးစခန်း အခြေစိုက် ခလရ (၂၈) တပ်ရင်းမှ ဗိုလ်မှူးနိုင်လင်းစိုးနှင့် တာဝန်ရှိသူများသည် ထိုင်း-မြန်မာ နယ်စပ်တွင် နယ်စပ်လုံခြုံရေးဆိုင်ရာ အစည်းအဝေး လာတက်ရောက်ခြင်းဖြစ်ပြီး၊ အစည်းအဝေးအပြီး အပြန်လမ်းတွင် ယာဉ်မတော်တဆဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“ညနေပိုင်းက သူတို့ ထိုင်းဖက်ကမ်းကို ဝင်လာပြီးတော့ မယ့်တန့်ကိုလာတယ်လေ၊ လာပြီးတော့ အဲ့ဒီ မှတ် တိုင် ၁၁၂ နဲ့ ၁၁၃ ကြားမှာ ဖြစ်သွားတာပေါ့။ အဲ့ဒီ မယ့်သလေ နဲ့ ချိုးကလိုကြားမှာ” ဟု ကိုဖိုးခွား က ပြော သည်။

၎င်းတို့ မောင်းနှင်လာသည့် မော်တော်ယာဉ် မတော်တဆဖြစ်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခြင်း ဖြစ်သည် ဟု ပြောသည်။

KNU မှ တာဝန်ရှိသူ တစ်ဦးက “သိရတာကတော့ ထိုင်းစစ်သားက နှစ်ယောက်နဲ့ မြန်မာ ဒု-ရင်းမှူးအဆင့် တစ်ယောက်နဲ့ ထိုင်းက သူကြီးတစ်ယောက်လည်းပါတယ်။ KNU စစ်သားလည်းပါတယ်။ ဓါတ်ပုံတွေထဲမှာတော့ ပါနေတယ်။ အတည်ပြုချက်တော့ မရသေးဘူး” ဟု ပြောသည်။

ယာဉ်မတော်တဆဖြစ်မှုမှာ ယာဉ်မောင်းသူ အိပ်ငိုက်သဖြင့် လမ်းဘေးရှိ သစ်ပင်တစ်ပင်အား ဝင်ရောက်တိုက်မိ ခြင်းဖြစ်သည်ဟု မဲဆောက်မြို့ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် ဝက်ဆိုက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယာဉ်မတော်တဆမှုတွင် ထိုင်းတာဝန်ရှိသူများ၊ မြန်မာ့တပ်မတော်မှ အရာရှိများ နှင့် KNU/KNLA တပ်ရင်း ၂၁ မှ တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု သိရသည်။