ကျောက်မဲ ဒုက္ခသည်များ ရိက္ခာလိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၄ ရက်၊ ၂၀၁၈ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည်ဟု ကူညီသူများကပြောသည်။

စစ်ဘေးရှောင်များအတွက် စောင်၊ ခေါင်းအုံးအပြင် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ကျောက်မဲ ဇီဝိတလူမှု ကူညီရေးအသင်း က ဦးတင်မောင်သိန်း က ပြောသည်။

“ဒုက္ခသည်တွေ လိုနေတာကတော့ စောင်လေးတွေလိုမယ် ခေါင်းအုံးလေးတွေလိုမယ် အဓိကကတော့ ရိက္ခာပါပဲ။ ဘယ်လောက်ရေရှည် သွားမယ်ဆိုတာလည်း မသိနိုင်တဲ့အတွက် ကျနော်တို့က ရိက္ခာလိုပါတယ်။ ကျနော်တို့က ဆန်တို့ဆီတို့ စသဖြင့်ပေါ့နော နောက်တစ်ခါ ကုလားပဲလေးတွေ ကြက်ဥလေးတို့ ခေါက်ဆွဲခြောက်လေးတို့ ကျန်တာကတော့ ဟင်းသီးဟင်းရွက်ပေါ့နော အားလူးတို့ဘာတို့စသဖြင့် အဲတော့ ကျနော်တို့ ရိက္ခာအစိုနဲ့ ဆန်၊ ဆီ၊ ဆား လိုပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ အင်အား တစ်ထောင်လောက်ဆိုတော့”

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ကတည်းက စစ်ဘေးရှောင်များမှာ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးရောက်ရှိလာကြပြီး ၎င်းတို့၏ စားဝတ်နေရေးကို ကျောက်မဲမြို့ရှိ ဒေသခံများက ကူညီလုပ်ဆောင်ပေးခဲ့ကြသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ ကိုသားဇော် က ပြောသည်။

“ဒီ သုံးလေးရက် ရောက်တဲ့ဟာတွေလည်းရောက်ပေါ့ မနေ့က ရောက်တဲ့ဟာတွေလည်းရောက်လာတော့ ဒေသခံတွေနဲ့ မြို့က စစ်ရှောင်ကော်မတီ မြို့လူထုက ပူးပေါင်းပြီး စီစဉ်ထားတာပေါ့။ အလှူရှင် မရှိတုန်းက ဆန်တွေလည်းလိုတယ် ကျနော်တို့ ဝယ်နေရတယ်။ အခုတော့ ဆန်တွေလှူတဲ့ အလှူရှင်တွေလည်း တော်တော်များများ ထပ်လာပါပြီ လမ်းရောက်နေပါပြီ အဲလိုမျိုးဆိုရင်တော့ ရေရှည်ဆိုရင်တော့ ကျနော်တို့က စားနပ်ရိက္ခာ အခြောက်အခြမ်း ပိုလိုတယ်”

အစိုးရတပ်မတော်၊ ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့၏ သုံးပွင့်ဆိုင် တိုက်ပွဲများကြောင့် ဒေသခံများမှာ ကြောက်လန့်ကာ ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည် ဟု ဦးတင်မောင်သိန်း က ပြောသည်။

“ကျနော်တို့ သတင်းကြားတာကတော့ ဖြစ်တာကတော့ တပ်မတော် စစ်ကြောင်းနဲ့ တီအယ်လ်အင်န်အေပေါ့ တီအယ်လ်အင်န်အေ အဖွဲ့နဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာက RCSS ကလည်းပဲ စစ်စခန်းချထားတာပေါ့ နော စစ်စခန်းချထားတော့ ဒီ ၃ ဖွဲ့က ၃ဖွဲ့ဆိုင်ဖြစ်နေတာပေါ့နော ၃ ဖွဲ့ဆိုင်ဖြစ်နေတော့ RC ကလည်းပဲ ပလောင်နဲ့က အဆင်မပြေဘူး။ ပလောင်ကို ရည်ရွယ်ပြီးတော့မှ RC က အဲမှာ စစ်ရင်ဆိုင်တဲ့ သဘောပေါ့။ အဲလိုဖြစ်တော့ တပ်မတော်နဲ့ RC နဲ့ တစ်ဖက်စီကနေပြီးတော့မှ အဲနေရာလေးမှာ ရှိနေတယ်။ ပလောင်က လည်း အဲဒီနေရာလေးမှာ ရှိနေတော့ ၃ ဖွဲ့ ဆိုင်ဖြစ်နေတာပေါ့။ ၃ ဖွဲ့ဆိုင်ဖြစ်လို့ တကယ်လိုများ လက်နက်ကြီး နဲ့ ထုကြမယ်ဆိုရင်တော့ဖြင့် ရွာသူရွာသားတွေက တွေးပြီးတော့မှ မနေနိုင်လို့ ထွက်လာကြတာပေါ့”

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာအုပ်စု ဒို့လွေရွာ အနီးတွင် အစိုးရတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့ Northern Alliance – Burma က ဒီဇင်ဘာ ၂၇ နေ့တွင် ထုတ် ပြန်ထားသည်။

စစ်ဘေးရှောင်များမှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်နှင့် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန့်ဆန်မြို့နယ်အစပ်က ကျောက်ဖြူလေး၊ အာပြောင်၊ ဟင်ကြိုင်း၊ ကြက်သေ စသည့်ရွာများက ဒေသခံများဖြစ်ပြီး ၎င်းတို့အား ကျောက်မဲမြိ့ရှိ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းနှင့် မိန်းမောရှိ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းတွင် နေရာချထားသည် ဟု သိရသည်။

ထွက်ပြေးလာကြသူများမှာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်သည်ဟု ကိုသားဇော် က ဆက်ပြောသည်။

လက်ရှိတွင် အစိုးရတပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအာင်း (ပ လောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား စစ်ရေးတင်းမာနေသည့် အခြေအနေများကြောင့် ဒေသခံများမှာ ကြောက်လန့်ကာ စစ်ဘေးလွတ်ရာ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောသည်။