ကျောက်စိမ်းတွင်း နွံကန်ပြို၊ အနည်းဆုံး ၇ ဦး သေဆုံး၊

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်ပြည်နယ်ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်း ဖြစ်ပေါ်ခဲ့သည့် နွံကန်ကျိုးကျမှုကြောင့် လူခုနှစ်ဦးသေဆုံးခဲ့သည့်အပြင် ပျောက်ဆုံးသူများလည်း ရှိနေသည်ဟု ဖားကန့်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးကပြောသည်။

“မနေ့ကအထိတော့ သေသွားတဲ့လူတွေရဲ့ အလောင်းပေါ့နော် ၅ လောင်းရတယ်။ ဒီနေ့ကျတော့ ၂ လောင်းပေါ့နော်။ ဆိုတော့အားလုံးပေါင်း ၇ လောင်းတော့ရပြီ။ အစောပိုင်း လူပျောက်စာရင်းလာပေးထားတာက ၈ လောင်းရှိတယ်။ ရတဲ့အလောင်းထဲမှာ စာရင်းထဲမှာ မပါတဲ့လူအလောင်းတွေလည်းပါတယ်။ ဆိုတော့ဘယ်လောက်အထိသေတယ်ဆိုတာ အတိအကျပြောဖို့ခက်တယ်။ ဒီကြားထဲ ပျောက်ဆုံးနေတဲ့ စာရင်းတချို့လည်း ထပ်ပြီးလာပေးတာတွေရှိနေတယ်လေ”

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်၊ ည ၁၁ နာရီကျော်အချိန်ခန့်က ဖားကန့်မြို့နယ်၊  လုံးခင်းကျေးရွာအုပ်စုအတွင်း နွံကန်ကျိုးကျခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ဆယ်ဦးထက်မနည်းရှိနိုင်ပြီး ရှာဖွေရေးလုပ်ငန်းများကို ယနေ့အချိန်ထိ ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ ကျောက်စိမ်းလုပ်ကွက်တွင် ကျောက်စိမ်းတူဖော်ရေး လုပ်ကိုင်နေသည့် မြဥယျာဉ်နှင့် နေမင်းကမ္ဘာကုမ္မဏီတို့က လွန်ခဲ့သည့်သုံးနှစ်ခန့်က တူးဖော်ထားသည့် အနက်ပေရာချီရှိသည့် ကန်ပေါက်ကျခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

“မြဥယျာဉ်နဲ့ နေမင်းကမ္ဘာက တူးတဲ့ကျင်းကတဖက်၊ အဲ့ကြားထဲမှာအကန့်ပေါ့ အဲ့အကန့်ကလည်း ပေရာချီအမြင့်တော့ မြင့်ထားတာပေါ့။ အဲ့ဒီဟာရဲ့ တဖက်မှာတော့ သဘာဝကောင်းလွန်း ကုမ္ပဏီက တူးနေတဲ့ကျင်းကြီးရှိတယ်။ အဲ့နှစ်ခုကြားထဲမှာ ကြားခံအကန့်ကြီးကရှိနေတာပေါ့။ မြဥယျာဉ်နဲ့ နေမင်းကမ္ဘာက အဲ့ကျင်းကြီးကို မြေစာတွေနဲ့ ပြန်ဖို့တာ၊ ရေကန်ကြီးထဲကို။ အထဲမှာရှိနေတဲ့ရေတွေနဲ့ မြေစာတွေရောပြီး နွံကန်ကြီးဖြစ်နေတာ။ အဲ့ဒီရေတွေ မြေစာတွေရဲ့ ဖိအားကိုမခံနိုင်တော့ တဖက်ကသဘာဝကောင်းလွန်းဘက်ကို အခုနကပြောတဲ့ အကန့်ကြီးက ပြိုကျသွားပြီးတော့ မြေစာတွေ၊ ရေတွေနွံတွေပေါက်ကျသွားတာ” 

ရေကန်ကြီးမှာ ပြီးခဲ့သည့်နှစ်က မိုးရွာသွန်းမှုကြောင့် မိုးရေများဖြင့် ပြည့်လာသည့်အပြင် ကုမ္မဏီများက ၎င်းရေကန်ကြီးအတွင်းသို့ မြေစာများ သွန်ချခဲ့သည့်အတွက် ရေနှင့်မြေစာများ၏ ဖိအားတို့ကြောင့် ကျိုးကျခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ပေါက်ကျသွားတော့ အဲ့နားမှာ ရှိနေတဲ့လူတွေရော၊ မြေစာပုံပေါ်မှာ ရှိနေတဲ့လူတွေရောက ရွှွံနွံတွေနဲ့မျောပါပြီး လူတွေသေကုန်ကြတာ။ သဘာဝကောင်းလွန်းကုမ္ပဏီက အလုပ်သမားတွေလည်းပါတယ်”

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များအတွင်းတွင် ယခုကဲ့သို့ မြေစာပြိုကျမှုများ၊ ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်မှုများ ကြပ်မတ်မှုများ ပြုလုပ်သင့်သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

အလားတူ ကုမ္မဏီများအနေဖြင့်လည်း မြေစာစွန့်ပစ်ခြင်းများ၊ မိုင်းခွဲခြင်းများကို စနစ်တကျပြုလုပ်သင့်သည်ဟု ဦးတင့်စိုးက ဆက်ပြောသည်။