NCA ထိုး ၈ ဖွဲ့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ မဟာဗျူဟာ ရေးဆွဲမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၃၀ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့ မှ ခေါင်း ဆောင်များသည် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် ပြောင်းလဲမှုများအပေါ် မဟာဗျူဟာ ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်နိုင်ရန် ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပမည်ဟု သိရသည်။

ထိုအစည်းအဝေးနှင့် ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်း က အဓိကက ကျမ ထင်သလောက်ပဲ ပြောလို့ရမှာပါ။ ကျမတို့ ခေါင်းဆောင် တွေနဲ့လည်း မတွေ့ရသေးဘူးဆိုတော့၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ချီတက်တဲ့အခါမှာ ဘယ်လို မဟာဗျူဟာ (Strategies) တွေနဲ့ သွားမယ်ဆိုတဲ့ဟာကို စဉ်းစားကြမည့်ပုံ ပေါ်ပါတယ်။  ဟုပြောဆိုသည်။

အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပြောင်းလဲမှုများ ရှိလာနေသောကြောင့် အစိုးရ နှင့် တိုင်းရင်းသားများအကြား လျှောက်လှမ်းနိုင်မည့် ငြိမ်းချမ်းရေး မဟာဗျူဟာ လုပ်ငန်းစဉ်များကို မကြာခင် ကျင်းပမည့် အစည်းအဝေးတွင် ချမှတ်နိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း ဒေါ်စောမြရာဇာလင်း မှ ဆက်ပြောသည်။

ပြောင်းလဲတာတွေတော့ ရှိတဲ့လက္ခဏာတော့ ရှိပါတယ်။ ပြောင်းလဲပါတယ်။ သွားလိုတဲ့အတိုင်းလည်း မရနိုင်သေးတဲ့ အနေအထားတွေလည်း ရှိတာပေါ့၊ အဲ့ဒါကြောင့်မိုလို့ ကျမတို့တွေကတော့ အစိုးရနဲ့ ကျမတို့ ကြားမှာ ကောင်းကောင်းမွန်မွန်နဲ့ ရှေ့ဆက် လျှောက်လှမ်းနိုင်တဲ့ Strategies တွေကို ကျမတို့ ချနိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။

NCA အပစ်ရပ် ၈ ဖွဲ့သည် တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး မကျင်းပမှီ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အကြိုလူထုတွေ့ဆုံပွဲများ ကျင်းပရာတွင် တပ်မတော်မှာ ပိတ်ပင်တားမြစ်မှုများ ရှိခဲ့ပြီး ဆက်လက်မကျင်းပနိုင်ပဲ ရပ်တန့်ထားရသည်။

ဗိုလ်ချုပ်မှူးကြီး စောမူတူးစေးဖို့ ဦးဆောင်သည့် အပစ်ရပ် (၈) ဖွဲ့မှ ထပ်သီးခေါင်းဆောင်များအနေဖြင့် ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေးအပြင် NCA အကောင်အထည် ဖော်ဆောင်သည့်နေရာတွင် တစ်စို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖြေရှင်းနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် အကြီးအကဲ များနှင့် အလွတ်သဘော တွေ့ဆုံရန် ကြိုးပမ်းနေသော်လည်း ယနေ့အချိန်ထိ တွေ့ဆုံခွင့် မရရှိသေးပဲ ရှိနေသည်။

ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်တော် KNLA၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/PC ၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPနှင့် ချင်းအမျိုးသားတပ်ဦး CNF တို့သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးထားသည်။