ဒုက္ခသည်များကို ကယ်ဆယ်ရန် အစိုးရအား ဆန္ဒပြ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၈ ခုနှစ်။

ပိတ်မိနေသော ဒုက္ခသည်များကို ကယ်ထုတ်ပေးရန် ကချင်ပြည်သူများက အစိုးရကို တောင်းဆိုဆန္ဒပြကြသည်။

ကချင်ပြည်နယ် တနိုင်းဒေသရှိ တိုက်ပွဲများ ကြားပိတ်မိနေသည့် ပြည်သူများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအခြေအနေ ခက်ခဲလာသည့်အတွက် အစိုးရအနေဖြင့် အမြန်ဆုံးကယ်ထုတ်ပေးရန် ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ ၅ ရက် ယနေ့တွင် မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

တိုက်ပွဲကြားပိတ်မိနေသည့် ပြည်သူများမှာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ကာ တောင်းဆိုရခြင်းဖြစ်သည်ဟု စစ်ဘေးသင့်ပြည်သူများအား အရေးအပေါ်ကယ်ဆယ်ကူညီရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဂျက် က ပြောသည်။

“ကျနော်တို့ပြရတဲ့ အကြောင်းအရင်းက ပိတ်မိနေတဲ့ ပြည်သူတွေ ကြားညှပ်နေတာပေါ့နော တိုက်ပွဲ ကြားထဲ မှာညှပ်နေတာ အဲဒါအင်မတန်မှ အန္တရာယ်ကြီးပါတယ်။ အဲဒါကို ကျနော်တို့ ပထမဦးဆုံး ကယ်ထုတ်ချင် တယ်။ ကယ်ထုတ်ပြီးမှ ကျနော်တို့ကူညီတဲ့ လမ်းကြောင်းတွေလည်း ပွင့်စေချင်တာပေါ့နော”

အစိုးရအနေဖြင့် ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အသံတိတ်နေသည့်အပေါ် ပြည်သူများအနေဖြင့် ဝမ်းနည်းရကြောင်း ကိုဇော်ဂျက်က ယခုလိုဆက်ပြောသည်။

“အစိုးရကို ကျနော်တို့ ပြောချင်တာပေါ့နော ဒီလိုမျိုးလုပ်တဲ့အချိန်မှာ အစိုးရရဲ့အလုပ်က သူတို့ဆီက အသံဘာမှ မကြားရတဲ့အခါကျတော့ ကျနော်တို့ ပြည်သူတွေက ဝမ်းနည်းတာပေါ့ လွှတ်တော်မှာ စာတင်တာ ဒီလောက်ပဲလေ သူတို့ကိုလက်တွေ့ကျကျ ကျနော်တို့ လုပ်စေချင်တာပေါ့။ ဒါမျိုးလုပ်ဖို့ပဲ အစိုးရ နိုင်ငံရဲ့ ခေါင်းဆောင် လုပ်တယ်ဆိုတာပဲ ကျနော်တို့ ခံယူထားပါတယ်။”

တိုက်ပွဲကြားပိတ်နေသည့်သူများမှာ အလွန်အေးသည့် ရာသီဥတုဒဏ်ကိုခံစားရခြင်း၊ အစားအသောက် ခက်ခဲလာသည့်အပြင် ဝမ်းပျက်ဝမ်းလျှောကဲ့သို့သော ရောဂါများကိုပါ ခံစားနေရသည်ဟု စစ်ဘေးသင့် ပြည်သူများအား အရေးအပေါ် ကယ်ဆယ်ကူညီရေး ကော်မတီက ပြောသည်။

တနိုင်းဒေသအပြင် ကချင်ပြည်နယ်မြောက်ပိုင်းရှိ ဆွမ်ပရာဘွမ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ပြည်သူများကို အမြန်ဆုံးကယ်ထုတ်ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ကူညီထောက်ပံ့ပေးရန် အထူးလိုအပ်နေသည်ဟု စစ်ဘေးသင့်ပြည်သူများအား အရေးအပေါ် ကယ်ဆယ်ကူညီရေး ကော်မတီက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ ဦးနူးအောင်က “ကျနော်တို့ရဲ့ ပြည်သူအများကြီး စစ်ဖြစ်နေတဲ့ကြားမှာ အိမ်မပြန်နိုင် မြို့ပေါ်မတက်လာနိုင်အဲလိုမျိုး ဖြစ်နေတယ်။ အဲဒီကြားမှာ လေယာဉ်ပျံနဲ့ တိုက်ခိုက်တာမျိုးတွေ ကျနော်တို့ အများကြီး ခံစားနေရတယ်။ အဲမှာ နေရမှာလိုလို အိမ်ကိုပြန်လို့မရ အဲဒီအခက်ကြုံ တွေ့နေရတာကို တကယ်စိတ်ထဲမှာ ခံစားရင်းနဲ့ အခုလိုမျိုးလာပြီးမှ ဒီကိုလာခြင်းဖြစ်ပါတယ်။ အခုလို ကျနော်တို့ ထုတ်ဖော်ခြင်းအားဖြင့် အစိုးရလည်း လိုက်လျောပေးမယ်လို့ ကျနော်တို့ အဲလိုမျှော်လင့်ပါတယ်” ဟုပြောသည်။

ဆန္ဒထုတ်ဖော်သူများက တိုက်ပွဲကြားပိတ်မိနေသော ပြည်သူများဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး-ဒို့အရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီထောက်ပံ့မှု ပိတ်ပင်ခြင်းအား ချက်ချင်းရပ်၊ တိုက်ပွဲကြားပိတ်မိနေသော ပြည်သူများအား စားနပ်ရိက္ခာအမြန်ဆုံး ထောက်ပံ့ပေးရေး-ဒို့အရေး အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နှစ်ဖက်လက်နက်ကိုင်များ အနေဖြင့် ပြည်သူများ မရှိသည့်နေရာတွင် တိုက်ပွဲဖြစ်ပွားမည်ဆိုပါက စိုးရိမ်စရာမရှိကြောင်း၊ သို့သော် လက်ရှိအချိန်တွင် ပြည်သူများရှိသည့် နေရာများတွင် ဖြစ်ပွားလာသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူများက ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနှင့် အစိုးရတပ်မတော်တို့အကြား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းမှ စတင်ကာ ကချင်ပြည်နယ်ရှိ တနိုင်းမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မန်စီမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည့်အတွက် ဒေသခံပြည်သူများမှာ တိုက်ပွဲအကြား ပိတ်နေသကဲ့သို့ စစ်ဘေးရှောင်များမှာလည်း ထပ်မံထွက်ပြေးတိမ်းရှောင် နေကြရသည်။

ယနေ့ကျင်းပသည့် လူထုဆန္ဒထုတ်ဖော်ပွဲကို ဒေသခံများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ လူဦးရေ စုစုပေါင်း တစ်ထောင်ဝန်းကျင်ခန့် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။