ကျောက်မျက်ဥပဒေကြမ်းကို ဒေသခံများ ကန့်ကွက် ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဖေဖောါဝါရီလ ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။

၂၀၁၇ ကျောက်မျက်ဥပဒေမူကြမ်းအား ပြင်ဆင်ပေးရန် ကချင်ဒေသခံများက မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်(ယနေ့)တွင် ဆန္ဒ ထုတ်ဖော်ခဲ့သည်။

“နံပါတ်တစ် တချက်က အကြီးစားလုပ်ကွက်ကို ပြန်လည်ဖော်ဆောင်ဖို့ ကြိုးစားလာတယ်။ နောက်တစ်ချက်က ကျနော်တို့ တကယ် သဘာဝပတ်ဝန်းကျင် တကယ်ထိခိုက်နေတဲ့ စက်ယန္ထရား အကြီး ကြီးတွေကိုသုံးတာ။ ဒါကိုသူတို့မရပ်ဘူး။ အဲ့ဒီနှစ်ချက်က အဓိကပဲ”ဟု လူထုဆန္ဒပြပွဲ ဦးဆောင်သူ ကချင်အမျိုးသားကွန်ဂရက် KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လက ပြောသည်။

အကြီးစားလုပ်ကွက်ကို ဧက ၅၀ အထိ သတ်မှတ်ပြီး ၁၀ နှစ်အထိ လုပ်ပိုင်ခွင့်ပေးရန် ဥပဒေကြမ်းတွင် ဖော်ပြထားချက်သည် လူတစ်စုကိုသာ အကျိုးရှိစေပြီး ဒေသခံများ နစ်နာစေသည်ဟုဆိုကာ ဒေသခံများက ကန့်ကွက်ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံများက ကျောက်မျက်ဥပဒေသစ်တစ်ခုကို အမြန်ပြဌာန်းပေးရန်လည်း တောင်းဆိုထားသည်ဟု ဒေါက်တာ Mကောန်လ က ဆက်ပြောသည်။

“နောက်သုံးအချက်ကတော့ အဓိက ဘာလဲဆိုတော့ ကျောက်မျက်ဥပဒေက အရမ်းကြန့်ကြာတယ်။ ကြန့်ကြာတဲ့အခါကြတော့ အခုဥပဒေမဲ့ ထင်ရာမြင်ရာတွေ လုပ်နေတယ်။ အခုလုပ်ကွက်တချို့ကပြီးနေပြီ။ အဲ့ဒါကို ဆက်ပြီးတော့ နားလည်မှုနဲ့ ဆက်တူးနေတယ်။ အဲ့လိုတူးတော့ တရားဝင်နိုင်ငံတော် အခွန်ငွေမရဘူး။ နောက်တစ်ခါ ရေမဆေးလုပ်သားတွေလည်း အရမ်းများလာတယ်။ အလေအလွင့် များလာတယ်။ ဥပဒေမဲ့လုပ်ရပ်တွေများတယ်။ အဲ့ဒါတွေ ထိန်းချုပ်ဖို့လည်းလိုတယ်။ အဲ့ဒါကြောင့် ဥပဒေ အမြန်ပြဌာန်းဖို့တောင်းဆိုချင်တယ်။”

၂၀၁၇ ခုနှစ် ကျောက်မျက်ရတနာ ဥပဒေမူကြမ်းသည် လူတစ်စု၏ အကျိုးစီးပွားကို ဖော်ဆောင်သည့် ဥပဒေဖြစ်သောကြောင့် ပြည်သူများနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ဖော်ဆောင်သည့် ဥပဒေအဖြစ်သို့ အစိုးရအနေဖြင့် ပြောင်းလဲပေးရန် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု လူထုဆန္ဒပြပွဲအား ဦးဆောင်သူများက ပြောသည်။

ကျောက်မျက်ရတနာ၏ မူရင်းပိုင်ရှင်ဖြစ်သော ဌာနေတိုင်းရင်းသားတစ်ယောက်အနေဖြင့် ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ရခြင်းဖြစ်သည် ဟု ဦးကင်ဆားရှရွိုင်ကလည်း ယခုလိုပြောသည်။

“ဦးလေးလည်း ဒီကျောက်မျက်ရတနာလည်း ဦးလေးနဲ့သက်ဆိုင်တာပေါ့။ ပြည်သူတစ်ယောက် ကျနော်တို့ ကချင်ပြည်နယ် ပြည်သူတစ်ယောက်ဖြစ်တယ်။ ကျောက်မျက်ရတနာ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ ကချင်လူမျိုးရဲ့ ကျောက်မျက်ရတနာပဲ ဒါကျနော်တို့ ပိုင်ရမယ်။ ကျနော်တို့တန်းတူ ကျနော်တို့ လုပ်ပိုင်ခွင့်ရှိရမယ်။”

ဆန္ဒထုတ်ဖော်ပွဲကို ကချင်နိုင်ငံရေးပါတီများ၊ ကချင်လူမှုအဖွဲ့အစည်းများ၊ ကချင်ဥပဒေပညာရှင်များ၊ ကျောက်မျက်လုပ်ငန်းရှင်များနှင့် ဒေသခံလူထုများ စုစုပေါင်း လူဦးရေ သုံးရာနီးပါးခန့်က လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ကချင်ပြည်နယ်ကျောက်စိမ်း ကချင်နှင့်နိုင်ငံသားတိုင်းရင်းသား လက်ထဲရှိရေး-ဒို့အရေး၊ အကြီးစားလုပ်ကွက်အလိုမရှိ-အလိုမရှိ၊ စက်ယန္ဒရားကန့်သတ်ရေး အမြန်လုပ်ပေးရေး-ဒို့အရေး၊ ကျောက်မျက် ဥပဒေအမြန်ပြဋ္ဌာန်းပေးရေး-ဒို့အရေး၊ ကချင်လူမျိုးများနှင့် နိုင်ငံသားတိုင်းရင်းသား များ ကျောက်မျက်ထုတ်လုပ်ရေးကဏ္ဍ တန်းတူအခွင့်အရေး ရရှိရေး-ဒိုအရေး စသည်ကြွေးကြော်သံ များဖြင့် လမ်းလျှောက်ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးက “ဘာလို့ပါလဲဆိုရင် ဒီ ၂၀၁၇ ကျောက်မျက်ဥပဒေကို အဲဒါကို အလိုမရှိလိုပေါ့နော။ ကိုယ့်အတွက် အကျိုးပြုတဲ့ ဥပဒေ မဟုတ်ဘူးပေါ့။ ဒါကြောင့်မို့လို့ အဲကြောင့် မလိုလားကြောင်း ပါဝင်ရခြင်းဖြစ်ပါတယ်” ဟုပြောသည်။

အဆိုပါ ဥပဒေမူကြမ်းမှာ အကြီးစား စီမံကိန်းများကို ဆက်လုပ်လုပ်ဆောင်နိုင်ခွင့်ပေးထားခြင်း၊ လုပ်ငန်းရှင်ကြီးများနှင့် နိုင်ငံခြားသားများသာ လုပ်ဆောင်နိုင်ခြင်း၊ ဒေသခံများနှင့် နိုင်ငံသားများ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားသည်ဟု လူထုဆန္ဒထုတ်ဖော်ပွဲ ဖြစ်မြောက်ရေး ဦးဆောင်သူများက ပြောသည်။