KIA နှင့် တပ်မတော်အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၈ ရက်၊ ၂၀၁၈ ခုနှစ်။

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်နှင့် တနိုင်းဒေသတို့တွင် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) နှင့် အစိုးရ တပ်မတော်တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည်ဟု ကချင် လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

“အခုရက်ပိုင်း ဒီတိုက်ပွဲ အခြေအနေကတော့ တနိုင်းဒေသဖက်မှာလေ ကေအိုင်အေ တပ်ရင်း ၁၄ ဘက်မှာ မတ်လ ၅ ရက်ကနေ ဒီ တပ်မတော်ဖက်ကနေတစ်ဆင့် ပြန်ထိုးစစ်ဆင်တာ ရှိပါတယ်။ အဲဒါကြောင့် ဒီတပ်ရင်း ၁၄ ဘက်မှာ နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပါတယ်။” ဟု KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟုလည်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“တိုက်ပွဲဆိုတဲ့ နေရာမှာ မြေပြင်တိုက်ပွဲတွေ လက်နက်ကြီးနဲ့ ပစ်တဲ့တိုက်ပွဲတွေဖြစ်ပါတယ်။ တိုက်ပွဲကတော့ ဆက်လက်ပြီး တော့ ပြင်းထန်လာနိုင်ပါတယ်။ ပယင်းမှော်တို့ ရွှေမှော်တို့ဖက်မှာ သူတို့အနေအထားက ဆက်ပြီးတက်နေတုန်းဆိုတော့ တိုက်ပွဲကတော့ အဲဖက်မှာ ပိုပြင်းထန်လာနိုင်ပါတယ်”

တနိုင်းဒေသခံတစ်ဦးကလည်း “တိုက်ပွဲကတော့ ဒီရက်ပိုင်းမှာ သုံးလေးရက်လောက်ရှိပြီ ကျနော်တို့ ဒီတနိုင်းကနေတောင်မှ ညရောနေ့ရော ကြားနေရတယ် တိုက်ပွဲဖြစ်တာဟုတ်တယ်” ဟုပြောသည်။

ဆွမ်ပရာဘွမ်ဒေသဘက်တွင်မူ ကြီးမားပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက်ထိတွေ့ရင်ဆိုင်သည့် တိုက်ပွဲငယ်လေးများ ဖြစ်ပွားနေသည်ဟု KIO ပြောသည်။

“ဟိုဆွမ်ပရာဘွမ်း ပူတာအိုလမ်းတစ်ကြောလုံးမှာ တပ်မတော်က စစ်ကြောင်းတွေ ထိုးတာရှိပါတယ်။ မနေ့ကလည်း ဒီစစ်တပ်က ကားတွေ တော်တော်များများ ပြန်တက်ခဲ့ပါတယ်။ ယန္တရားနှင့်ဘာနဲ့ တက်တယ်ဆိုတော့ အဲဖက်မှာလည်း အချိန်မရွေးကတော့ တိုက်ပွဲကတော့ ပြန်ဖြစ်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ခုထက်ထိတော့ အဲဖက်မှာ တိုက်ပွဲကြီးတွေ ဖြစ်တာကတော့ မရှိပါဘူး။ ဒါပေမယ့် သတိအနေအထား နေနေရတဲ့ အခြေအနေဖြစ်ပါတယ်။ ကျန်တဲ့နေရာကတော့ နည်းနည်းငြိမ်ပါတယ် ခင်ဗျာ” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ယခုရက်ပိုင်းအတွင်းတွင် အစိုးရတပ်မတော်က ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) နှင့် တိုက်ပွဲများဖြစ်ပွားနေ သကဲ့သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး KNU/KNLA နှင့်ပါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများဖြစ်ပွားနေသော်လည်း အစိုးရနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အနေဖြင့် သဘောထားချမှတ်ထားသည်ဟု ဗိုမှူးကြီ နော်ဘူက ပြောသည်။

“မူအားဖြင့် ပြောမယ်ဆိုလို့ရှိရင်တော့ တွေ့ဆုံဖို့က ရှိပါတယ်။ ဒါပေမယ့် ဘယ်တော့တွေ့မယ် ဘယ်အချိန်တွေ့မယ် ဘယ်သူနဲ့ တွေ့မယ်ဆိုတဲ့အပိုင်း လက်တွေ့ပိုင်းကတော့ ကျနော်ဘာမှ မကြားမိပါဘူး။”

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒါလီမြို့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ နှင့် တပ်မတော်မှ ကိုယ်စားလှယ်တို့ တွေ့ဆုံပြီးနောက်ပိုင်း ဆက်လက်ဆွေးနွေးမည့် အခြေအနေများနှင့်ပတ်သက်၍ အစိုးရဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းများ မကြားမိသေးကြောင်း KIO က ပြောသည်။

၂၀၁၁ ခုနှစ်ကစပြီး ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲဖြစ်သည်။