LDU ညီလာခံပြီးဆုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရရှိရေး ကြိုးပမ်းမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
မတ်လ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လားဟူဒီမို ကရက်တစ် အစည်းအရုံး LDU အနေဖြင့် လားဟူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရသည်အထိ ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။

“အဓိက ရှေ့လုပ်ငန်းစဉ်က အမျိုးသားရေးပဲ၊ ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ အမျိုးသားရေးလုပ်ဖို့ ဒီအထူးသဖြင့် ဒီလားဟူဒေသ ဖွံ့ဖြိုးရေးလုပ်မယ်။ လားဟူဒေသဖံွံ့ ဖြိုးရေးလုပ်ပြီးရင် လားဟူဒေသမှာ အထူးဒေသတွေဘာတွေ သတ်မှတ်ဖို့အထိ ကျွန်တော်တို့ ကြိုးစားသွားပါ့မယ်။ အဲ့လိုအထူးဒေသရဖို့ ကြိုးစားမှာသာလျှင် ကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရလာလိမ့်မယ်။ အဲ့ကနေ တဆင့်ပြီးတဆင့် ကြိုးစားပြီးမှ တက်သွားလိမ့်မယ်။ နိုင်ငံရေးဆွေးနွေးပွဲအရပေါ့။”

၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက်ကနေ ၂၀ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်သည့် LDU ၏ ဆဌမ အကြိမ်မြောက် ညီလာခံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရသည့်အထိ လုပ်ဆောင်သွားရန်အပြင် ဆက်လက်လုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များကို ရေးဆွဲခဲ့ကြသည်ဟု ဗိုလ်မှူးကြီး ဆော်လမွန်က ဆက်ပြောသည်။

“နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်၊ ဒေသဖွံ့ ဖြိုးရေးလုပ်မယ်၊ နောက် UPDJC မှာ ပါဝင်တဲ့ အခန်းကြီး (၅) ရပ်ကို ကျွန်တော်တို့ ကိုယ်စားလှယ်ရွေးပြီးမှ လူပို့မယ်၊ ကိုယ်စားလှယ်ပို့မယ်၊ ဆွေးနွေးမယ်။ လားဟူ ဒေသမှာ ကျွန်တော်တို့ ပြန်လည်နေရာချထားရေးလုပ်မယ်။ အဲ့မှာ ပညာရေး၊ ကျန်းမာရေး အကောင်အထည်ဖော်မှာပေါ့။ နောက်ပြီး ဒေသဖွံ့ဖြိုးရေး စိုက်ပျိုးရေး မွေးမြူရေးလုပ်ဖို့ ကျွန်တော်တို့ အစီအစဉ်ရှိပါတယ်။”

ဗိုလ်မှူးကြီး ဆော်လမွန်သည် ယခင်က လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU ၏ ဒု-ဥက္ကဌ ဖြစ်ပြီး LDU ၏ ဆဌမအကြိမ်မြောက် ညီလာခံတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ပြောင်းလဲခန့်အပ်ခြင်း ခံရသူဖြစ်သည်။

မတ်လ ၂၁ ရက်နေ့ (ယနေ့တွင်) ထုတ်ပြန်သည့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး ဆဌအကြိမ်မြောက် ညီလာခံ ထုတ်ပြန်ကြေငြာချက်တွင်လည်း ရှေ့လုပ်ငန်းစဉ်များချမှတ်ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးဖြစ်၍ စာချုပ်ပါ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်သွားရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ပြုလုပ်သွားရန် သဘောထားချမှတ်သည်ဟု ပါရှိသည်။

ထို့အပြင် ဤညီလာခံတွင် လားဟူဒီမိုကရက်တစ် အစည်းအရုံး၏ မူဝါဒနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်အတည်ပြုခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ဆောင်ရန်၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် လူထု၏ ပူးပေါင်းပါဝင်မှုကို ဖော်ဆောင်ရန် ဦးစားပေးအစီအစဉ်တစ်ရပ်အဖြစ် သဘောထားချမှတ်သည်ဟု ထည့်သွင်းထားသည်။

“ပြည်တွင်းမှာသွားပြီးတော့ လူထုတွေ့ဆုံဆွေးနွေးပွဲ အဲ့အဆင့်မဟုတ်ရင်တောင်မှ အဲ့အောက်အဆင့် နည်းနည်းပေါ့ တန်းတူညီတူအဆင့်မျိုး ကျွန်တော်တို့ ဆက်လက်ဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ” ဟု ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။

လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU ၏ ဆဌမအကြိမ်မြောက် ညီလာခံတွင် ထိပ်ပိုင်း ခေါင်းဆောင်အချို့ အပြောင်းအလဲရှိပြီး ဒီမိုကရေစီနည်းဖြင့် ဗဟိုကော်မတီဝင် ၁၃ ဦးနှင့် အရံဗဟို ကော်မတီဝင် ၅ ဦးကို ရွေးချယ်တင်မြောက်နိုင်ခဲ့သည်ဟု LDU ကပြောသည်။

ဥက္ကဌနေရာတွင် ယခင် LDU ၏ ဥက္ကဌ ကြာခွန်ဆာ၊ ဒုတိယ ဥက္ကဌအဖြစ် ကြာဂျဟားနှင့် အထွေထွေအတွင်းရေးမှူးနေရာတွင် ဗိုလ်မှူးကြီး ဆော်လမွန်တို့ကို ရွေးချယ်ခန့်အပ်ခဲ့သည်ဟု သိရသည်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့ကို ၂၀၀၈ ခုနှစ်မှာ ဥက္ကဌ ဦးဖုန်တင့်ရှင် ဦးဆောင်၍ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၄ နှစ်တစ်ကြိမ် ညီလာခံ ကျင်းပလာခဲ့ရာမှာ ၂၀၁၂ ခုနှစ်မှစ၍ လက်ရှိ အချိန်အထိ ကြာခွန်ဆာ မှ ဥက္ကဌအဖြစ် တာဝန်ယူထားသည်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့မပေါ်ပေါက်မှီ ယခင် ၁၉၇၃ ခုနှစ်တွင် LNUP လားဟူ အမျိုးသား ညီညွတ်ရေး ပါတီကို ထိုင်းမြန်မာ နယ်စပ်ဒေသတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၁၉၇၆ ခုနှစ် တွင် LNO လားဟူအမျိုးသား အဖွဲ့ချူပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

၁၉၉၇ ခုနှစ်တွင် LNDP လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် LNO လားဟူအမျိုးသားအဖွဲ့ ချူပ်တို့ ပူးပေါင်း၍ LDF လားဟူဒီမိုကရက်တစ်တပ်ဦး အဖြစ် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်မှစ၍ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကို ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။