မြန်မာနိုင်ငံမှ ဟု ယူဆရသော ဘတ် သန်း ၁၇၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

သတင်းနှင့်မီဒီယာ ကွန်ရက်။
ဧပြီလ ၄ ရက်နေ့။ ၂၀၁၈ ခုနှစ်။

မြန်မာနိုင်ငံမှ ပို့ဆောင်လာသည်ဟု ယူဆသော မူးယစ်ဆေးဝါး တန်ဖိုး ဘတ် သန်းပေါင်း ၁၇၀၀ ကျော်ကို ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင်အတွင်းတွင် ဖမ်းဆီးမိခဲ့သည်။

ရွှေတြိဂံဒေသဖြစ်သော မြန်မာ၊ ထိုင်း ၊ လာအို နယ်စပ်ဒေသမှ မဲခေါင်မြစ်အတွင်းမှ တဆင့်သယ်ယူလာသည့် မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် အတွင်းမှာ ထိုင်းမူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယခုလို ဖမ်းဆီးရမိခြင်းသည် အိမ်နီးချင်း နိုင်ငံများ၏ ဆက်သွယ်သတင်းပေးပို့ချက်အရ တာချီလိတ်နယ်စပ် အပါအဝင် ထိုင်းနယ်စပ်တစ်လျေျာက် လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ မူးယစ်ဆေးဝါး အမြောက်အများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထောက်များအား ဧပြီလ ၃ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် ထိုင်းရဲအရာရှိတစ်ဦး မှ အခုဖမ်းဆီးရမိတဲ့ ဒီ မူးယစ် ဆေးဝါးတွေဟာ မြောက်ပိုင်း ၀ အဖွဲ့ နဲ့ မူးယစ်ဆေး အဖွဲ့ နှစ်ဖွဲ့ဆီကဖြစ်တယ်။ ဒီရက်ပိုင်းအတွင်း မူးယစ်ဆေးဝါးတွေဟာ နယ်စပ်ဖြတ် ကျော်ပြီး သြင်္ကန်အတွင်းမှာ ဝင်ရောက်လာဖို့ရှိတယ်။ ဒါကြောင့် နယ်စပ်ဒေသကို လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးမှုတွေလုပ်နေသလို မူးယစ်ဆေးဝါးဖမ်းဆီးရမိဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေကိုလည်ဆက်သွယ်ပြီး အပြန်အလှန် သတင်းဖလှယ်ခဲ့ကြပြီး အခုလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိဖို့အတွက်ဖြစ်ပါတယ် ဟုပြောဆိုခဲ့သည်။

မူးယစ်ဆေးဝါးများကို ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်တွင် ချင်းရိုင်ခရိုင် ဝင်းကန်မြို့နယ် ဘန့်ထိုင်းကျလိန်းရွာ အတွင်းမှာ မသင်္ကာသော ကားနှစ်စီးကို စစ်ဆေးခဲ့ရာမှ ယခုလို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟုပြောသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် အိတ် ၄၇ လုံး အတွင်းမှ ယာဘ ဟုခေါ်သော မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၉၄၀၀၀၀၀ (ကိုးသန်းလေးသိန်း) ပြား နှင့် ယာအိုက်စ် လို့ခေါ်သော အဖြူရောင် မူးယစ်ဆေးဝါးအမှုန့် ၇၈၈ ကီလိုဂရမ် တို့နှင့်အတူ တင်ဆောင်လာသည့် ကား နှစ်စီး ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီးနောက် စုံစမ်းမှုတွေအရ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦးကို သံသယရှိတာကြောင့် ခေါ်ယူစစ်ဆေးမှုများ ဆောင်ရွက်နေပြီး ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် ပါဝင်ပတ်သက်မှု ရှိလျှင် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု နှင့် ဥပဒေမဲ့ ရောင်းဝယ်မှုများအပြင် ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းခံရမည်ဟု သိရသည်။

ဒီကနေ့ထုတ် ထိုင်းသတင်းမီဒီယာတချို့တွင် ဤဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မူးယစ်ဆေးများဖြစ်ပြီး ရရှိသည့်ငွေများကို လက်နက်များ ဝယ်ယူရန် အတွက် ထိုင်းနိုင်ငံမှတဆင့် မလေးရှားလမ်းကြောင်းမှ နိုင်ငံတကာသို့ ဖြန့်ချီရန်ဖြစ်သည်ဟု ဖော်ပြကြသည်။

ထိုင်း မြန်မာ နယ်စပ်အပါအဝင် ရွှေတြိဂံဒေသတွင် ယာဘ ဟုခေါ်သော မူးယစ်စိတ်ကြွဆေးပြားများကို ထိုင်းမူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ မကြာခဏ ဖမ်းဆီးရမိမှုများ ရှိသော်လည်း ယခုတစ်ကြိမ် ဖမ်းဆီးရမိမှုသည် ၂၀၁၈ ခုနှစ်အတွင်း ပမာဏ အများဆုံး ဖမ်းဆီးရမိမှု ဖြစ်သည်။