ကျပ်ငွေ သိန်း (၄၀,၀၀၀) ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဧပြီလ ၂၀ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ထိုင်းမြန်မာနယ်စပ်တွင် ယခုနှစ်အတွင်း အများဆုံးပမာဏ ဖြစ်သည့် မူးယစ်ဆေးဝါး ကျပ်ငွေ သိန်း ၄၀,၀၀၀ ဖိုးကို ဖမ်းဆီးရမိသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မြန်မာကျပ်ငွေ သိန်း ၄၀၀၀၀ တန်ဖိုး ရှိ ယာအိုက်စ် ခေါ် အဖြူရောင် မူးယစ်ဆေးဝါးအမှုန့် ကီလို ၂၀၀ ကို မူးယစ်ဆေးဝါး သယ်ဆောင်လာ သူနှင့် အတူ ဧပြီလ ၁၉  ရက်နေ့ နံနက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့မှ ပြောသည်။

တာချီလိတ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြ်ု့ ၀မ်လုံကျေးရွာအုပ်စု လွယ်စီတုံရွာအနီးရှိ ပြည်သူ့စစ်စခန်းရှေ့တွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းဟဲ ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနင်လာသည့် ကားတစ်စီးအား တားဆီးစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု မူးယစ်တပ်ဖွဲ့မှ အတည်ပြု ပြောဆိုသည်။

တာချီလိတ်မူးယစ်တပ်ဖွဲ့ရုံးမှ ရဲအရာရှိက “ဟုတ်တယ် ဆေးတွေဖမ်းမိတာ၊ လွယ်စီတုံရွာအ၀င်က ပြည်သူ့စစ်စခန်းရှေ့မှာမိတာ၊ VIGO ကားရဲ့ အနောက်က အဖုံးထဲမှာထည့်သယ်လာတာ အားလုံး အထုတ် ၂၀၀ ရှိတယ်၊ ကာလတန်ဖိုးကတော့ ကျပ်သိန်း လေးသောင်း ဖိုးလောက်ရှိတယ်။”ဟု ပြောသည်။

02

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူသည် အခါလူမျိုး အသက် ၃၅ နှစ်အရွယ် အားဂျာ ဆိုသူဖြစ်ပြီး ယာအိုက်စ် ဟုခေါ်သည့် အဖြူရောင် မူးယစ်ဆေးဝါးအမှုန့်များကို အဖြူရောင် ဆာလာအိတ်ထဲတွင် တစ်ကီလိုခန့်ဆီ အိတ်များနှင့် ထည့်၍ သယ်ဆောင်လာခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

03

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု စန်းလု (အထက်) ကျေးရွာတွင်နေထိုင်သည့် မူးယစ်ဆေးသယ်ဆောင်လာသူ ကိုအားဂျာ နှင့်အတူ လက်ကိုင်ဖုန်း ၃ လုံးနှင့် ထိုင်းဘတ်ငွေ ၃ သောင်းကျော် ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိထားသည့် တရားခံကို လက်ရှိ တာချီလိတ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ ၂ ခု ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။