မြန်မာနိုင်ငံမှ တတိယနိုင်ငံသို့ ပို့ရန်ရည်ရွယ်ထားပုံရသည့် ဘတ်သန်း ၈၀၀ ဖိုး မူးယစ်ဆေးဝါးများ ထိုင်းဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၂၉ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

မြန်မာနယ်စပ်မှ ထိုင်းထဲသို့ သယ်ဆောင်လာသော ယာအိုက်စ် ဟုခေါ်သည့် စိတ်ကြွဆေးအဖြူမှုန့် ၈၆၀ ကီလို ခန့်မှန်းခြေ ထိုင်းဘတ် သန်း ၈၀၀ တန်ဖိုးကို ထိုင်းနိုင်ငံမြောက်ပိုင်း ရွှေကြိဂံနယ် မြေအနီးတွင် ထိုင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မေလ၂၉ ရက် နံနက် ၃ နာရီခန့်က ဖမ်းဆီးရမိ ခဲ့သည်။

ယခုမူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံအတွင်း ယခုနှစ်ထဲ၌ တန်ဖိုးအများဆုံး ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။

“ထိုင်းနိုင်ငံသား နှစ်ဦး နှင့် အတူ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံ နယ်စပ်လမ်းကြောင်းကတဆင့် မဲခေါင်မြစ်ကို ကွေ့ဝိုက်ကျော်ဖြတ်ပြီး ချင်းရိုင်းခရိုင် ဝင်းကန်မြို့နယ်မှ ချင်းမိုင်မြို့သို့ သယ်ယူသွားမယ့် မူးယစ်ဆေးဝါးတွေဖြစ်ပြီး တတိယနိုင်ငံကိုပို့ဆောင်မည့် မူးယစ်ဆေးတွေ ဖြစ်တယ်” ဟုချင်းရိုင်းခရိုင်ရဲတပ်ဖွဲ့ရုံး၌ ယနေ့ညနေ ၃ နာရီတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရဲဗိုလ်ချုပ်တစ်ဦး က ပြောဆိုသည်။

002

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တတိယနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးများဖြစ်ကြောင်း ပြောဆိုနိုင်သည်မှာ ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် ယခင်ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ ကဲ့သို့ လ္ဘက်ခြောက်ထုတ်များနှင့် ထုတ်ထားခြင်းမရှိပဲ ပစ္စည်းကောင်းမွန်သော တန်ဖိုးကြီးအိတ်များဖြင့် သေချာသပ်ရပ်စွာ ထုတ်ပိုးထားခြင်းဖြစ်သည့်အတွက် ဆက်စပ်ဖမ်းဆီးနိုင်ရေးအတွက် ပို့ဆောင်ရေးဌာနနှင့် စာတိုက်များကို ဆက်လက်စုံစမ်းမှုများ ပြုလုပ်နေသည်ဟု ရဲအရာရှိက ပြောသည်။

ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိတစ်ဦးက  မူးယစ်ဆေးဝါးများကို ချင်းရိုင်း နှင့် ထိန်မြို့နယ် အကြားတွင် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်၊ ထဆိုင် ဆိုတဲ့ တံတားအနီးမှာပါ၊ သယ်လာသူတွေကတော့ ချင်းမိုင်မှာနေထိုင်တဲ့သူတွေ နှစ်ဦးလုံး ဖြစ်ပါတယ်။ သူတို့ကို ဖမ်းချိန်မှာ ထွက်ပြေးသွားခဲ့တဲ့အတွက် လိုက်ဖမ်းချိန်မှာ အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဟု ပြောသည်။

လောလောဆယ် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဆက်စပ်သူများကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူနိုင်ရန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေပြီး သံသယရှိသူများကို ရှာဖွေအရေးယူနိုင်ရန်အတွက်လည်း တရားရုံးမှ ခွင့်ပြုမိန့်ရရှိထားပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရဲအရာရှိများက ပြောဆိုသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့၌လည်း ထိုင်း မြန်မာနယ်စပ်ကို ဖြတ်ကျော်လာသည့် မူးယစ်စိတ်ကြွဆေးပြား ၈ သန်း နီးပါး နှင့် ယာအိုက်စ် ဟုခေါ်သည့် အဖြူရောင် ပုံဆောင်ခဲ့မူးယစ်ဆေးအမှုန့် ကီလို ၅၀ ကို ချင်းရိုင်အတွင်း၌ ဖမ်းဆီးရမိခဲ့သေးသည်။