နှစ်ဖက်တွေ့ဆုံမှုများ ပြန်ရမည်ဟု ကချင်ခေါင်းဆောင် မျှော်လင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင် ၁၀ ရက်၊ ၂၀၁၈ ခုနှစ်။

ပြတ်တောက်နေသည့် နှစ်ဖက်တွေ့ဆုံမှုများကို ပြန်လည်ရရှိနိုင်ရန် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို တက်ရောက်လာရခြင်းဖြစ်သည် ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့ (ယနေ့)တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိလာချိန် သတင်းထောက်များ မေးမြန်းရာတွင် ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ) ဒု-ဥက္ကဌ (၁) ဗိုလ်ချုပ်ဂွန်မော် က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုမျှော်လင့်ထားလဲဆိုတော့ ဒီပွဲမှာကတော့ ကျွန်တော်တို့ ဆွေးနွေးမှု အဓိက မဟုတ်ပဲနဲ့ အဆက်ပြတ်နေတဲ့ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးတွေ ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းက ပိုအဓိကကျမယ်လို့ ထင်ပါတယ်”

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးသို့ ကချင်လွတ်လပ်ရေးအဖွ့ဲ KIO မှ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်ပြီး တက်ရောက်လာခြင်း ဖြစ်သည်။

အလားတူ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးက ခေါင်းဆောင်များလည်း နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Sun Guosiang (ဆွန်ကောချန်း)၊ တရုတ်နိုင်ငံမှ ထိပ်တန်းအရာရှိများနှင့်အတူ မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC မှ ကိုယ်စားလှယ်များမှာ တရုတ်နိုင်ငံ ကူမင်းမှ နေပြည်တော်သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် မြောက်ပိုင်းတိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရေးအဖွဲ့များအား အစိုးရက တရုတ်သံရုံးမှ တစ်ဆင့် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအား ဇူလိုင် ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၆)ရက်ကြာ ကျင်းပမည်ဖြစ်သည်။