မိုးစပါး ချေးငွေ ချေးနိုင်သူ လျော့နည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်။

၂၀၁၈ ခုနှစ်တွင် မိုးစပါးချေးငွေ ချေးယူရာတွင် လယ်ယာလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) မူရင်း အပ်နှံရသည့်အတွက် မွန်ပြည်နယ်အတွင်း မိုးစပါးချေးငွေ ချေးယူသူ လျော့နည်းသည်ဟု မွန်ပြည်နယ် မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှ သိရသည်။

ငွေမချေးနိုင်သည့်အတွက် မွန်ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ အခက်အခဲကြုံနေရသည်ဟု ဒေသခံလယ်သမားများက ပြောသည်။

“ခါတိုင်းနှစ်ကတော့ ပုံစံ(၇) ကို မိတ္တူပဲ ပေးရတော့ ကိစ္စမရှိဘူး။ ဒီနှစ်က ပုံစံ(၇) ကို မူရင်းအပ်ပေးရတဲ့အခါကျ တော့ တချို့ တောင်သူတွေဆိုရင် အခက်အခဲဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူတို့က တစ်ခြားတစ်နေရာမှာ အဲပုံစံ (၇) နဲ့ပဲ ငွေချေးထားတော့ ဘဏ်မှာ ထပ်ယူလို့မရဘူးဖြစ်သွားတယ်” ဟု လယ် ၂၀ ဧကပိုင် ဦးထွန်းကြည်က ပြောသည်။

မိုးစပါးစိုက် တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ မိုးစပါးစိုက်ချေးငွေများကို အတိုး ၈ ရာခိုင်နှုန်းဖြင့် မေလတတိယအပတ်မှ စတင်ပြီး ဇူလိုင်လ ၁၁ ရက်နေ့ထိ မြို့ နယ်အလိုက် ထုတ်ချေးပေးခဲ့သည်။

ပြည်နယ်အတွင်းရှိ မြို့ နယ် ၁၀ မြို့နယ်တို့မှ တောင်သူ ၃၉၀၀၀ ဦးခန့်ကို မိုးစပါးချေးငွေ ထုတ်ချေးပေးရန်လျာထားခဲ့ပြီး တောင်သူ ၃၈၀၀၀ ဦးကျော်တို့ကသာ ချေးငွေထုတ်ချေးခဲ့ကြောင်း ပြည်နယ် မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်ရှိ စာရင်းများအရ သိရသည်။

ယမန်နှစ်များက မိုးစပါးချေးငွေ ချေးယူရာတွင် ပုံစံ(၇) ကို မိတ္တူဖြင့် ချေးယူခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင် ပုံစံ(၇) မူရင်းကို သက်ဆိုင်ရာမြို့ နယ်မြန်မာ့လယ်ယာစိုက်ပျိုးရေး ဘဏ်တို့တွင် အပ်နှံထားရမည်ဖြစ်သည့်အတွက် တောင်သူအချို့တို့က ချေးငွေထုတ်ချေးယူမှု မရှိခြင်းဖြစ်သည်။

“လျာထားချက်ထက်ကို ၁ ဒသမ ၇ လောက်လျော့သွားတယ်၊ ဘာကြောင့်လျော့လဲဆိုတော့ ၃ ချက်ပေါ့ တစ်ချက်က ပုံစံ(၇) ကို သူများဆီမှာပေါင်ထားတယ် သူများအကြွေးမဆပ်နိုင်လို့ ကျနော်တို့ဆီကို ပုံစံ(၇) မအပ်နိုင်ဘူး၊ နောက်တစ်ချက်က ပုံစံ(၇) ကို သူများဆီမှာပေါင်ရင် စိုက်ဘဏ်မှာထက် ပိုရနိုင်တယ် အဲဒါကြောင့်မို့လို့ သူတို့စိုက်ဘဏ်မှာမအပ်တော့ဘူး အပြင်မှာပဲချေးတော့မယ်ဆိုတဲ့လူမျိုးတွေရှိတယ် နောက်ဆုံးကတော့ နိုင်ငံခြားကိုထွက်ပြီးတော့မှ ချေးငွေမယူတာ” ဟု ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။

၂၀၁၈ ခုနှစ်အတွက် မွန်ပြည်နယ် စိုက်ပျိုးစရိတ်ချေးငွေသည် တစ်ဧကတစ်သိန်းခွဲနှုန်းဖြင့် စိုက်ဧက ၂ သိန်း ၉ သောင်းခန့်အတွက် ငွေကျပ်သိန်းပေါင်း ၄ သိန်း ၃ သောင်းကျော်ထုတ်ချေးပေးရန် လျာထားပြီး စိုက်ဧက ၂ သိန်း ၈ သောင်းကျော်အတွက် ငွေကျပ်သိန်းပေါင်း ၄ သိန်း ၂ သောင်းကျော် ထုတ်ချေးပေးနိုင်ခဲ့သည်ဟု ပြည်နယ်မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ သိရသည်။

ချေးငွေယူထားသည့် လယ်သမားများအနေဖြင့် ချေးငွေများကို မိုးစပါးပေါ်ပြီး ရိတ်သိမ်းရောင်းချပြီးသည့် အချိန်ဖြစ်သည့် ဒီဇင်ဘာလတွင် ၁၀ ရာခိုင်နှုန်း၊ ဇန်နဝါရီလတွင် ၆၀ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီလတွင် ၁၀ ရာခိုင်နှုန်းနှင့် မတ်လတွင်၂၀ ရာခိုင်နှုန်း ပြန်ဆပ်ပေးရန် သတ်မှတ်ထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲ မှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်တုန်းက မိုးစပါးစိုက်ဧက ၃ သိန်းကျော်အတွက် ငွေကျပ်သိန်းပေါင်း ၄ သိန်း ၃ သောင်းကျော် ထုတ်ချေးပေးခဲ့ကြောင်း ချေးငွေများအားလုံးကိုလည်း အချိန်မီ အပြည့်အဝ ပြန်လည်ဆပ်နိုင်ခဲ့ကြသည် ဟု မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ သိရသည်။