ရဲအား ပစ်ခတ်သူမှာ အဖွဲ့ဝင် မဟုတ်ကြောင်း မွန်ငြိမ်းချမ်းရေး အဖွဲ့မှ ငြင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ယာဉ်ထိန်းရဲအား သေနတ်ဖြင့် ပစ်ခတ်သူ မွန် ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့ အမည်ခံသူ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲကို ကားဖြင့်တိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်မှု ပြုခဲ့သူမှာ မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့ဝင် နိုင်ပိုက်ထွေးဖြစ်သည်ဟု ကားတွင် အတူပါလာသော မအေးမွန်က ရဲကို ပြောခဲ့သည်။

သို့သော်လည်း အဆိုပါ နိုင်ပိုက်ထွေးဆိုသူသည် မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ မှ မဟုတ်ကြောင်းနှင့် ၎င်းကိုင်ဆောင်ထားသော မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ဝင် ကဒ်သည်လည်း အတုအယောင်ဖြစ်ကြောင်း မွန်ငြိမ်ချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ မှ စစ်ဦးစီး နိုင်ရောင် က ပြောသည်။

“ကျွန်တော်တို့ တပ်ဖွဲ့ မှာဆိုရင် စည်းကမ်းသတ်မှတ်ပြီးသားပါ မြို့ ထဲဝင်ရင် လူကြီးကအစ သေနတ်မကိုင်ဘူး အခုက ကျွန်တော်တို့ကို အယောင်ဆောင်ထားတယ်၊ ကျွန်တော်တို့ လူစာရင်းထဲမှာလဲ နိုင်ပိုက်ထွေး ဆိုတာ မပါဘူး၊ ကဒ်တွေက အတုတွေလုပ်တယ် ပွင့်ပွင့်လင်းလင်းပြောရရင် ကားစီးဖို့အတွက်ဆိုပြီးတော့ ကဒ်အတု တွေ လုပ်ထားကြတယ်၊ လုံးဝ ကျွန်တော်တို့အဖွဲ့ က မဟုတ်ဘူး ကျွန်တော်တို့စာရင်းမှာပါတဲ့လူဆိုရင် ကိုယ် တိုင် သက်ဆိုင်ရာနဲ့ အပ်ပေးတယ်” ဟု နိုင်ရောင်က ပြောသည်။

သေနတ်ပစ်ခတ်မှုမှာ အောက်တိုဘာ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့ က ပြောသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် အမှတ် (၇၇) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ် မျိုးဇော်ဦးနှင့် ဒု-တပ်ကြပ် သက်ကိုဦးတို့သည် မော်လမြိုင်မြို့ ဒေါင်းဇရပ်ရပ်ကွက်ရှိ ဒေါင်းဇရပ်မီးပွိုင့် လမ်းဆုံတွင် တာဝန်ထမ်းဆောင်နေစဉ် မုဒုံဘက်မှ ဈေးကြိုဘက်သို့ မောင်းနှင်လာသည့် YGN 3K/3889 နံပါတ်တပ်ဆင်ထားသော ယာဉ်အား ရပ်တန့်စစ်ဆေးရန်တားစီးရာ ၎င်းယာဉ်မှာ ရပ်တန့်စစ်ဆေးခံခြင်းမရှိဘဲ မောင်းပြေးခဲ့သည်ဟုသိရသည်။

ထိုနောက် ရဲတပ်ကြပ်နှင့် ဒုရဲတပ်ကြပ်တို့မှ ဆိုင်ကယ်ဖြင့် ယာဉ်နောက်လိုက်ခဲ့ရာ မော်လမြိုင်မြို့ ၊ မြိုင်သာယာ ရပ်ကွက် ဦးစစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းဆုံအရောက်တွင် ၎င်းယာဉ်ရှေ့ မှ ပိတ်၍ ရပ်တန့်စဉ် ၎င်းယာဉ်မှ ဆိုင်ကယ်အားတိုက်ပြီး ဆိုင်ကယ်တိမ်းမှောက်စဉ် အဆိုပါယာဉ်မောင်း (အမည်မသိ) မှ အသင့်ပါလာသော အမျိုးအစားမသိ သေနတ်ဖြင့် ၄/၅ ချက်ခန့် ပစ်ခတ်ခဲ့သည် ဟု ရဲမှတ်တမ်းအရ သိရသည်။

တရားခံ နိုင်ပိုက်ထွေးအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစုံစမ်းလျက်ရှိသည်ဟု မော်လမြိုင် ခရိုင် ရဲတပ်ဖွဲ့ ဒု-ရဲမှူးကြီး သိန်းထွန်းဦး က ပြောသည်။

၎င်းက “တာဝန်ဝတ္တရာ ထမ်းဆောင်နေတဲ့အခါမှာပေါ့နော် တာဝန်ဝတ္တရာကို ပထမဆုံးနှောင့်ယှက်တာပေါ့နော် နှောင့်ယှက်တဲ့အခါမှာ ဒဏ်ရာရရှိအောင် လုပ်တဲ့အတွက် ဒါ ပုဒ်မတစ်ခု၊ နောက်တစ်ခါ လူသေအောင်လို့ သေ စေချင်တဲ့ ဆန္ဒနဲ့ ကားနဲ့တိုက်တယ် သေနတ်နဲ့ပစ်တယ် ဒီဥစ္စာအတွက် ပုဒ်မတစ်ခု ပုဒ်မ ၂ ခုတပ်ပြီးတော့ ကျနော်တို့ တရားစွဲဖို့ စီစဉ်နေတယ်” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် မျိုးဇော်ဦး၏ ဝဲဘက်ပါး ရှပ်ထိဒဏ်ရာ ၁ ချက်ရရှိပြီး ထိုစဉ်တွင် သမိန်ဗရမ်းလမ်းအတိုင်း တက္ကသိုလ်ဘက်မှ မြိုင်သာယာဘက်သို့ ဆိုင်ကယ်မောင်းလာနေ မောင်အေးမင်းခန့် (၁၈ နှစ်) သည်လည်း ယာဘက်လက်ခုံ ထိရှပ်ဒဏ်ရာ ၁ ချက်ရရှိသွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ သည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

ယာဉ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦးအား ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် နိုင်ပိုက်ထွေးဆိုသူကို ဖမ်းဆီးရမိနိုင်ရေးအတွက်လည်း မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် သက်ဆိုင်ရာတို့နှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိပြီး ဖမ်းဆီးရမိလျှင်လည်း အဖွဲ့အစည်းအယောင်ဆောင်မှုနှင့် နိုင်ပိုက်ထွေးအား တရားစွဲဆို သွားမည်ဟု ဆက်ပြောသည်။