မုံးကိုးဒေသခံများ လုပ်ကိုင်စားသောက်ရေး အခက်ကြုံနေဆဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။

တရုတ်-မြန်မာနယ်စပ် မုံးကိုးဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လုပ်ကိုင်စားသောက်ရေး ခက်ခဲလာသည်ဟု ဒေသခံများ က ပြောသည်။

“တိုက်ပွဲမဖြစ်ခင်က အရင်တုန်းက ပြည်သူလူထုတွေက အိမ်တိုင်းစားဝတ်နေရေးတွေ သိပ်ပြီးမှ ဆင်းရတာ သိပ်မရှိဘူး။ သိပ်ပြီးတော့ အခက်အခဲ သိပ်မရှိဘူး အပြင်မှာထွက်ပြီးမှ အလုပ်လုပ်တာ သိပ်မရှိဘူး။ အရင်က လူငယ်ပိုင်းလောက်ပဲ တရုတ်ပြည်မှာတော့၊ အခုအိမ်ထောင်သည်တွေတောင် သွားကြပြီ ကလေးတွေ ပစ်ပြီးမှ သွားတာတွေ ရှိလာတယ်” ဟု ဦးကျန်းကျင်းလင် က ပြောသည်။

မုံးကိုးမြို့နှင့် အနီးတဝှိုက်တွင် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့များ အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

“တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဒေသခံပြည်သူလူထုက စိုးရိမ်ထိတ်လန့်တာပေါ့ဗျာ။ ကျီးလန့်စာ စားနေရတာပေါ့ဗျာ။ သူ့ရပ်သူ့ရွာမှာဆိုပေမယ့်လည်း အုပ်ချုပ်မှုပိုင်းအရ နားမလည်ဘူးဆိုတော့ ရဲရဲတင်းတင်း မနေရဲဘူး အဲလိုမျိုးဖြစ်တယ်ပေါ့။ သွားတာလာတာ မသွားရဲဘူး။ သူတို့အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်ဘူး။ မလုပ်ရဲဘူးပေါ့။ အဲလိုမျိုးတွေ ဖြစ်တယ်ပေါ့” ဟု မုံးကိုးဒေသခံတစ်ဦးဖြစ်သူ ကိုမင်းမင်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် ဒေသခံများသည် နေ့စားအလုပ်ကိုသာ လုပ်ကိုင်ကြရပြီး အလုပ်မရှိပါက တရုတ်နိုင်ငံသို့ သွားရောက်ကာ ဆောက်လုပ်ရေးလုပ်ငန်းများတွင်သော်လည်းကောင်း၊ ပြောင်းစိုက်ခင်းများနှင့် ကြံစိုက်ခင်းများတွင်လည်းကောင်း လုပ်ကိုင်နေရသည်ဟု မန်ကန်ကျေးရွာမှ သင်းအုပ်ဆရာ ဦးဘရန်နန်က ပြောသည်။

“တစ်ချို့လူက ထမင်းကျွေးရင်က ၆၀ ပေးတာလည်းရှိ ၅၀ ပေးတာလည်းရှိ မကျွေးတာလည်းရှိ ကိုယ့်ဟာကို ထမင်းထုတ်ပြီးမှသွား အဲလိုပေါ့။ တရုတ်ပြည်ဖက်ဆို အကြာကြီး တစ်လ နှစ်လ အကြာကြီးသွားပြီး ဆိုတော့ ထမင်းလည်းသူတို့ တနေ့သုံးချိန်ကျွေးတာလည်းရှိ တစ်ခါတစ်လေဆို ငွေလည်းမပါလာကြဘူး။ မှတ်ပုံတင် ဘာတွေ ပတ်စ်ပို့စ် မပါဘူးဆိုရင်တော့ ထွက်ပြေးလာတာလည်းရှိ အမျိုးမျိုးဖြစ်တာပေါ့နော်။”

တိုက်ပွဲကြောင့် မုံးကိုးမြို့အနီးရှိ ကျေးရွာများမှ ဒေသခံများသည် ၎င်းတို့ လုပ်ကိုင်စားသောက်ရာနေရာနှင့် ကျေးရွာများကို စွန့်ခွာကာ မုံးကိုးမြို့သို့ စစ်ဘေးရှောင်လာကြသည်။ တိုက်ပွဲဖြစ်ခဲ့သည်မှာ နှစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း လုံခြုံရေးအတွက် အစိုးရအာဏာပိုင်များနှင့် တပ်မတော်တို့မှလည်း တစ်စုံတစ်ရာ အာမခံမှု မပေးနိုင်သေးသဖြင့် ယနေ့ချိန်ထိ နေရပ်ရင်းမပြန်ရဲသေးကြောင်း ဒေသခံများက ပြောသည်။

အထူးသဖြင့် တောင်ပေါ် ဒေသများမှ ဒေသခံများအနေဖြင့် ၎င်းတို့နေထိုင်ရာ ကျေးရွာသို့ ပြန်မည်ဆိုပါက လုံခြုံမှုမရှိခြင်းနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် မုံးကိုးမြို့တွင် နေထိုင်နေရသည့်အခါ ခက်ခဲမှုများစွာ ရှိနေသည်ဟု ပြောသည်။

“အဓိက အဆင်မပြေတာက အိမ်မရှိဘူးလေ။ သူများအိမ်ငှားပြီးမှနေတာ အိမ်ငှားတာ တစ်နှစ်ငှားရင် ဘယ်လောက်ပေးလား တစ်ထောင်ပေးလား တစ်ထောင်ကျော်ပေးလား အမျိုးမျိုး အိမ်ငှားတာတွေလည်း အဆင် မပြေဖြစ်နေတယ်။ ငှားပြီးမှ နေတာ နေ့စား နည်းနည်းပဲ သွားရှာရရင်လည်း အဲဒါ အိမ်ငှားခတွေ ဘာတွေ ပြန်လာပေးလိုက်ဆိုတော့ အဆင်မပြေ ဖြစ်သွားတာပေါ့။ ခက်တယ်လို့လည်းဖြစ်နေတာပဲ၊ အများဆုံးက တောင်ပေါ်မှာ မနေရဆိုတော့ ကျွဲနွားတွေလည်း မရှိတော့ဘူးလေနော။ မွေးမြူရေးတွေ ဘာတွေက နည်းနည်း နောက်ကျသွားတာပေါ့။ အဲလိုဖြစ်သွားတာ” ဟု ဦးဘရန်နန် က ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း မုံးကိုးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့က မုံးကိုးမြို့ကို သိမ်းပိုက်ခဲ့သည်။ မုံးကိုး အနီးရှိ စစ်ဗျူဟာကုန်းကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ပဲ ပြန်လည် ဆုတ်ခွာသွားခဲ့ကြသည်။

မြောက်ပိုင်းစစ်ရေး မဟာမိတ်အဖွဲ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) အဖွဲ့တို့ပါဝင်သည်။

တိုက်ပွဲကာလတွင် ထောင်နှင့် ချီသော ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အချို့မှာ တရုတ်နိုင်ငံဖက်တွင် ခိုလှုံခဲ့ကြပြီး တောင်ပေါ်ဒေသမှ ပြည်သူများမှာ မုံးကိုးမြို့အတွင်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။