ဒီမောဆို ဒေသခံများ တပ်သိမ်းမြေ ပြန်လည်ရရှိလို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်။

တပ်မတော်က လုံခြုံရေးအကြောင်းပြ သိမ်းဆည်းထားသော ဘိုးဘွားပိုင်မြေများ ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးရန် မြေသိမ်းခံ ဒီမောဆို ဒေသခံများက အစိုးရအား ပန်ကြားလိုက်သည်။

ကယားပြည်နယ် ဒီမောဆိုမြို့နယ် ငွေတောင်ကျေးရွာတွင် ခလရ ၁၀၂ တပ်ရင်းမှ လုံခြုံရေး အကြောင်းပြချက်ဖြင့် သိမ်းယူထားသည့် မြေနေရာများတွင် ပြန်လည်နေထိုင်နိုင်ရန် အစိုးရမှ ကူညီလုပ်ဆောင်ပေးစေလိုသည်ဟု ဒေသခံများက ပြောသည်။

“အခုချိန်မှာတော့ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်တိုင်းပြည်လုံးမှာ ပြန်တောင်းလို့ ပြန်ရတဲ့ သူတွေလည်း ရကုန်ပြီ သ့ူ နေရာလေးနဲ့သူတော့ အကုန်လုံးပြန်ရကုန်ပြီ ကျနော်တို့လည်း ပြန်ရချင်တယ်။ ကျနော်တို့ ကိုယ့်မြေ ကိုယ့်ရွာကိုယ့်နေရာမှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ချင်တာပေါ့” ဟု ငွေတောင်ကျေးရွာမှ ဦးကျော်ဝင်း က ပြောသည်။

၎င်းမြေများသည် လွန်ခဲ့သည့် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ခလရ ၁၀၂ တပ်ရင်းက လုံခြုံရေးအကြောင်းပြချက်ဖြင့် ဒေသခံများ၏ နေအိမ်များကို ဖြုတ်သိမ်းစေပြီး ၂ ရက်အတွင်း ပြောင်းရွှေ့ပေးရန် ပြောဆိုလာသည့်အတွက် ပြောင်းရွှေ့ပေးခဲ့ရသည့် မြေနေရာများဖြစ်သည်ဟု မြေသိမ်းခံရသူများက ပြောသည်။

“မိုင်းကွဲတယ်ဆိုပြီးတော့မှ အဲဒီ အိမ် ၃၈ လုံးကို ဖြုတ်တယ်။ အဲဒီ နေအိမ် ၃၈ လုံးကို ၂ ရက်အတွင်းပေါ့နော ၁၉၊ ၂၀ အတောအတွင်းမှာ အပြီးအပိုင်ဖြုတ်ပြီး ပြောင်းရွှေ့စေခဲ့ရတယ်။ အားလုံးဟာ ကစဉ့်ကလျားနဲ့ ကိုယ့်အစီအ စဉ်နဲ့ကိုယ် ကိုယ့်အိမ်ကိုယ်ဖြိုပြီးတော့မှ ပြောင်းရွှေ့ပေးခဲ့ရတယ်။ သူတို့ရဲ့ အမိန့်စာကတော့ ဒီ ၂ ရက်အတွင်းမှာ အပြီး အပိုင်ပြောင်းရွှေ့ပါ မပြောင်းရွှေ့ပဲ ကျန်ခဲ့သောသူသည် မိမိတို့၏ တာဝန်သာ ဖြစ်၏ဟု ဆိုတာမျိုးပေါ့။ ပထမရွာလယ်မှာရှိတဲ့ ဈေးကိုဖြုတ်တယ် နောက်အိမ်ကိုဖြုတ်ပြီး မြေတွေကိုသိမ်းတယ်”

ဒေသခံများအနေဖြင့် နေအိမ်များကို ကိုယ်တိုင်ဖြုတ်သိမ်းပေးရသည့်အပြင် မြေပါအသိမ်းခံလိုက်ရသည့်အတွက် လက်ရှိတွင် နေစရာ နေရာမရှိသည့်အပြင် လုပ်ကိုင်စားသောက်ရန် နေရာလည်း မရှိပဲ ရှိနေသည်ဟု ဦးကျော်ဝင်းက ဆက်ပြောသည်။

“ကျနော်တု့ိမြေတွေပါ ကျနော်တို့အခုအထိ မိသားစုနဲ့ ဖရိုဖရဲဖြစ်နေတဲ့ဟာတွေ အိမ်မရှိရာမရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပါ သူများရဲ့ အဖီလေးမှာ သွားပြီး အဖီဆွဲပြီးတော့ သူတို့ရဲ့အောက်မှာ နေရတာမျိုး အခုထက် ထိရှိနေတယ်။ အခုထက်ထိ နေရာမဲ့ စားရမဲ့ သောက်ရမဲ့ မိသားစုတွေ ဖြစ်ကုန်တာ အများကြီးပါ”

နေအိမ်များကို ဖြုတ်သိမ်းပြီး ထွက်သွားရစဉ်က ပြန်လည်နေထိုင်နိုင်ရန် မြေနေရာ စီစဉ်မပေးသည့်အတွက် အလွန်ခက်ခဲသည့် အခြေအနေများဖြင့် ကြုံတွေ့ခဲ့ရသည်ဟု မြေယာအသိမ်းခံရသူများက ပြောသည်။

အသိမ်းခံထားရသည့် မြေယာများကို ပြန်လည်ရရှိရန် ၂၀၁၂ ခုနှစ် မှ စတင်ကာ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များထံ အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သည်ဟု ဆိုသည်။

ထို့နောက် အစိုးရ တာဝန်ရှိသူများက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် အခြားမြေနေရာများဖြင့် အစားထိုးပေးမည်ဟု ပြောဆိုမှုများရှိသော်လည်း တိကျရေရာသည့် အဖြေမရရှိပဲ ရှိနေသည်မှာ ယခုအချိန် အထိဖြစ်သည်ဟု မြေယာအသိမ်းခံရသူများက ပြောသည်။

ယခုကိစ္စနဲ့ ပတ်သက်၍ လယ်ယာမြေများနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေး ဗဟိုကော်မတီမှ အရှုတ်အရှင်းမကင်းသည့် မြေနေရာများတွင် မည်သည့်ကိစ္စရပ်မှ မပြုလုပ်ရန် တားမြစ်စာ ထုတ်ပေးထားသော်လည်း တပ်မတော်မှ အုတ်တံတိုင်း ကာရံခြင်းများကို ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

“ဒီ ခလရ ၁၀၂ တပ်ရင်းက သူတို့ကနေ အုတ်တိုင်တွေချပြီးမှ ဒီလိုအုတ်တံတိုင်းခတ်ပြီးမှ ခတ်တာပေါ့နော အဲဒီလိုမျိုးခတ်တဲ့အခါကျတော့ ကျနော်တု့ိက အကုန်လုံး ဌာနဆိုင်ရာ တာဝန်ရှိတဲ့ အစိုးဆီရော ကျနော်တို့ အကုန်လုံးတင်ပြတယ်။ဒါပေမယ့် မရပ်ဘူး မရပ်တဲ့အတွက် ဒီကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ကို ကျနော်တို့ ပြန်တင်လိုက်ပါတယ် အဲဒီဟာလည်း ကျနော်တို့ ၁၁ ရက်နေ့ ရက်စွဲနဲ့ပို့လိုက်ပါတယ်။”

ယခုအချိန်တွင် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု အတိုင်းအတာတစ်ခုအထိသို့ ရောက်ရှိလာသည့်အတွက် တပ်မတော်မှ သိမ်းယူထားသည့် ၎င်းတို့၏ မြေနေရာများကို ပြန်လည်ရရှိလိုသည်ဟု ပြောသည်။

ခလရ ၁၀၂ က မြေယာများကို သိမ်းယူစဉ်က ၁၈၉၄ မြေသိမ်းအက်ဥပဒေဖြင့် သိမ်းယူသည်ဟု ဆိုသော်လည်း ၎င်း မြေနေရာများသည် မြေလွတ်မြေရိုင်းများ မဟုတ်ပဲ ဒေသခံများ၏ နေအိမ်များကို ဖြုတ်သိမ်းစေကာ သိမ်းယူထားသည့် မြေနေရာများဖြစ်သည်အတွက် မြေသိမ်းအက်ဥပဒေနှင့် လျော်ညီခြင်းမရှိသည့် သိမ်းဆည်းမှုမျိုးဖြစ်သည်ဟု ဒေသခံများက ပြောသည်။