ရေဖြူဒေသခံများ ခြံတွင်း မသွားရဲ၍ ခြံလုပ်ငန်းများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်း မြေမြုပ်မိုင်းများ ပုဂ္ဂလိကပိုင် ခြံများတွင် ပေါက်ကွဲမှုများ ဖြစ် ပွားခဲ့ခြင်းကြောင့် ဒေသခံများ ခြံထဲမသွားရဲသည့်အတွက် ရာသီပေါ် သီးနှံများ ခူးယူရေးအတွက် အခက်ကြုံ နေရသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိအချိန်သည် ကွမ်းသီးပေါ်ချိန် ကွမ်းသီးခူးရမည့်အချိန်လည်းဖြစ်နေသည့်အတွက် ကွမ်းသီးများ မခူးနိုင်ပဲ ပစ်ထားရသည်ဟု ဒေသခံများက ပြောသည်။

“အခုချိန်က ကွမ်းသီးခူးချိန်လေ၊ ကွမ်းရာသီလေ။ သွားမခူးရဲကြဘူး။ မခူးရင်တော့ ကွမ်းကကြွေကျကုန်မှာ အကြွေတွေကို တစ်ရက်နှစ်ရက်လောက်မှ သွားကောက်လိုက်ရင်တော့ ဘာမှမဖြစ်ဘူးလေ။ အခုက သွားလည်းမကောက်ရဲကြဘူး။ လောလောဆယ်က သွားမှမသွားရဲကြတာ၊ ဘယ်အချိန်မှာ သွားလို့ရမလဲလည်း မသိဘူးလေ၊ ဒီခြံတွေနဲ့ပဲ အသက်မွေးဝမ်းကျောင်းရတာလေ၊ ဒါပဲလုပ်တတ်တယ်” ဟု ဒေသခံ မိမော်ချိုင်းက ပြောသည်။

“ကွမ်းခြံတွေကလေ အပင် ၅၀ အထက်ရှိတဲ့ ခြံတွေပဲ။ တချို့ဆိုရင်လေ အပင်ထောင်နဲ့ ရာနဲ့ချီပြီးရှိတယ်။ အခုက ပျက်ကုန်တော့မှာ သွားမသိမ်းရဲဘူးလေ။ ကြွေကျတာလည်း မကောက်ရဲ၊ မှည့်တာလည်း မခူးရဲကြဘူး။ အပင်များတဲ့ လူတွေဆိုရင် အလုပ်သမားနဲ့ခူးရတာ အခုအလုပ်သမားတွေလည်း မသွားရဲကြဘူး”

အလယ်စခန်းကျေးရွာအနီးရှိ ဒေသခံများ လုပ်ကိုင်စားသောက်နေကြသည့် ဥယျာဉ်ခြံအတွင်း အောက်တိုဘာ ၁၅ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း မြေမြှုပ်မိုင်းနင်းမိမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းနင်းမိသည့် ဒေသတဝိုက်က ခြံရှင်များ ခြံထဲမသွားရဲကြတော့ပဲ ထိန့်လန့်ကြောက်ရွံ့ နေကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဒူးရင်းခြံတွေကလည်း ဒီအချိန်ဆိုရင် အပင်တွေရှင်းရတယ်၊ မြေတွေဖို့ပေးရတယ်။ အသီးထွက်ချိန် အသီးကောင်းအောင်ပေါ့၊ ဒါပေမယ့် အခု အဲ့ဒါတွေလည်း သွားမလုပ်ရဲဘူး။ လာမယ့်နှစ်အသီးအထွက်နှုန်းကလည်း ဘယ်လိုဖြစ်လာမလဲမသိဘူး။ အခုက ကြောက်လို့ ဘယ်သူမှ ခြံထဲမသွားရဲကြတော့တာ” ဟု မိမော်ချိုင်း က ဆက်ပြောသည်။

အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်းကလည်း “မိုင်းနင်းမိတဲ့နေရာတွေက တစ်နေရာနဲ့ တစ်နေရာ ၁ မိုင်လောက်ပဲ ဝေးကြတယ်၊ ခြံထဲမှာပဲဖြစ်နေကြတော့ မြေမြှုပ်မိုင်းနင်းမိတဲ့နေရာ တဝိုက်က ခြံတွေဆိုရင် ခြံထဲကို မသွားရဲကြတော့ဘူး” ဟု ပြောသည်။

မြေမြှုပ်မိုင်းနင်းမိသည့် နေရာဒေသတဝိုက်တွင် ကွမ်းသီး၊ ဒူးရင်းသီး အစရှိသည့် နှစ်ရှည် သစ်သီးပင်များ စိုက်ပျိုးထားသည့် ခြံဧက ရာနှင့်ချီ ရှိသည်ဟု ဒေသခံများက ပြောသည်။

“မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ်ဖြစ်ပြီးတော့ အခုဆိုလို့ရှိရင် ဘယ်သူမှ ခြံထဲမသွားရဲကြဘူး။ နင်းမိတဲ့မိုင်းတွေကလည်း ကိုယ့်ခြံထဲ ကိုယ်လုပ်နေတဲ့ခြံတွေထဲမှာပဲ နင်းမိနေကြတော့ ကိုယ့်ခြံမှာလဲ မိုင်းတွေရှိနေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဘယ်သူမှလည်း ခြံထဲသွား အလုပ်မလုပ်ရဲကြတော့ဘူး” ဟု အလယ်စခန်းဒေသခံ နိုင်ထွန်းအောင် က ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့က လုံခြုံရေးလှည့်ကင်းလှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦး မြေမြှုပ် မိုင်းနင်းမိသဖြင့် ဘယ်ခြေတစ်ဖက် ဖြတ်တောက်ခဲ့ရပြီး အောက်တိုဘာ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ် ဟံဂံကျေးရွာခံတစ်ဦးက ရေဖြူမြို့ နယ် အလယ်စခန်းကျေးရွာအနီးရှိ ကွမ်းသီးခြံသို့အဝင် လမ်းမဘေးတွင် မြေမြှုပ်မိုင်းနင်းမိသဖြင့် ညာခြေတစ်ဖက် ဖြတ်တောက်ခဲ့ရသည်။

နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း အလယ်စခန်းကျေးရွာအနီးတွင် ဟံဂံရွာသားတစ်ဦးက ဆိုင်ကယ်ဖြင့် ခြံထဲသွားစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း အလယ်စခန်းကျေးရွာခံတစ်ဦး ၎င်းပိုင်ဆိုင်သည့် စိုက်ပျိုးဥယျာဉ်ခြံအတွင်းရှိ တဲအနီးတွင် မြေမြှုပ်မိုင်း ထပ်မံနင်းမိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရရှိခဲ့သည်။

ဒေသခံများလုပ်ကိုင်စားသောက်နေကြရသည့် ဥယျာဉ်ခြံအတွင်း မြေမြှုပ်မိုင်းထောင်ထားပြီး နင်းမိပေါက်ကွဲ မှုဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ အကြောင်းကြားထားသော်လည်း တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမရှိသေးဘူးဟု အလယ်စခန်းအုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါမိုင်းကိစ္စသည် လက်နက်ကိုင်အဖွဲ့ အစည်းတခုခုက မွန်ပြည်သစ်ပါတီနှင့် ဒေသခံပြည်သူများအကြား ယုံကြည်မှုကင်းမဲ့စေရန်နှင့် ခြံလုပ်ကိုင်နေသော မွန်လူမျိုးများအား ၎င်းဒေသတွင် မနေနိုင်စေရန် လူသွားလမ်း နှင့် ခြံများထဲတွင် မိုင်းထောင်ထားခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ရည်ရွယ်ချက်ရှိရှိနှင့် ဒေသခံပြည်သူလူထုကို ပစ်မှတ်ထားပြီး မိုင်းထောင်တိုက်ခိုက်နေသည့် လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်သည်။

အဆိုပါ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် ဒေသတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) တို့ အဓိက လှုပ်ရှားရာနယ်မြေဒေသဖြစ်ပြီး မြန်မာ့တပ်မတော်တပ်ရင်းတပ်ဖွဲ့တို့မှလည်း တစ်ခါတစ်ရံ ရောက်ရှိလာတတ်သည့် နယ်မြေဒေသဖြစ်သည်။