တရုတ်က မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည် စတင်လိုကြောင်း ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။

မြစ်ဆုံရေကာတာ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ် ပြည်သူ့သမ္မတ နိုင်ငံအနေဖြင့် ပြန်လည်လုပ်ဆောင်လိုကြောင်း တရုတ်သံအမတ်ကြီးက ကချင်နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်က ပြောဆိုခဲ့သည်။

“သံအမတ်ဘက်ကတော့ မြစ်ဆုံရေကာတာလုပ်ဖို့ ဒါတွေကို ပြောပြတယ်။ သူတို့ အများကြီး Investment လုပ်ပြီးပြီ ဒါကြောင့် ဒီဟာကို မဖြစ်မနေဆိုတဲ့ဟာမျိုး သူတို့က ဒါမျိုးတွေ ပြောပြတယ်။ မြစ်ဆုံကတော့ သူကတော့ လုပ်မယ်လို့ တကဲကဲပဲ သူကတော့ ပြောနေတယ်”

ဒီဇင်ဘာလ ၂၉ ရက်နေ့က ကချင်နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Hong Liang တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Palm Spring Resort Hotel တွင်တွေ့ဆုံစဉ်က တရုတ်သံအမတ်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည် ဟု ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။

မြစ်ဆုံရေကာတာ ရေအားလျှပ်စစ် စီမံကိန်းသည် ရင်းနှီးမြုပ်နှံမှုများသည့် စီမံကိန်းဖြစ်သည့်အတွက် စီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရန် တရုတ်အစိုးရ အနေဖြင့် ဆက်လက်ကြိုးစားဖွယ်ရှိသည် ဟု ဦးကွမ်ဂေါင်အောင်ခမ်း က ဆက်ပြောသည်။

“သူကတော့ ရင်းနှီးမြုပ်နှံမှုများတယ်။ သူတို့ဘက်က လည်း စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေတဲ့ အခြေအနေဖြစ် နေတယ်ဆိုတဲ့ဟာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ လုပ်ဖို့ သူတို့ စိတ်ဆန္ဒရှိပုံရတယ်။”

မြစ်ဆုံရေကာတာ ရေအားလျှပ်စစ်စီမံကိန်းကို ယခင် စစ်အစိုးရ လက်ထက်ကတည်းက စတင်အကောင် အထည်ဖော်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ထိုစီမံကိန်းကို ရပ်ဆိုင်းထားခဲ့သည်။

ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လက်ထက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက စီမံကိန်းကို ပြန်လည်လုပ်ဆောင်နိုင်ရန် ကြိုးစားလာခဲ့သည်မှာ ယခုအချိန်အထိဖြစ်သည်။

“ကျနော်တို့က စဉ်းစားရမှာက ဒီဟာကို ပြန်ပြီးတော့ ငွေကို ဘယ်လိုမျိုးချေပေးရမလဲဆိုတာမျိုး ကျနော်တို့ တိုင်းသူပြည်သားတွေ အကုန်လုံး ပြန်ပြီး စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် ကျနော် တို့ တွေ့ဆုံတဲ့ အချိန်မှာတော့ ဒီမြစ်ဆုံရဲ့ တစ်ခြားဟာတွေကို သူတို့ ပြောစရာဖြစ်ပြီးတော့ ပြန်ပြီးတော့ မေးခွန်း ထုတ်စရာ ဖြစ်တယ်။ ပြည်သူလူထုကလည်း ဒါကိုတော့ လုံးဝကြိုက်မှာ မဟုတ်ဘူးလေ” ဟု ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။

မြစ်ဆုံရေကာတာရေအားလျှပ်စစ်စီမံကိန်းသည် ဒေသဖွံ့ဖြိုးရေးအတွက် ဟုဆိုသော်လည်း မြစ်ဆုံ၏ သဘာဝအလှနှင့် သဘာ၀ ပတ်ဝန်းကျင်ကို ပျက်စီးစေသည့် စီမံကိန်းဖြစ်သည့်အတွက် စီမံကိန်း စတင်စဉ်ကတည်းက ကချင်ပြည်နယ်သူ/သားများနှင့် မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်သူများ ကန့်ကွက်လာခဲ့သည့် စီမံကိန်းဖြစ်သည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့က ကချင်နိုင်ငံရေးပါတီများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအ မတ်ကြီး Mr.Hong Liang တွေ့ဆုံရာတွင် မြစ်ဆုံရေကာတာ ကိစ္စရပ်အပြင် ငြိမ်းချမ်းရေးကိစ္စ၊ စစ်ဘေးရှောင်ကိစ္စ၊ မြေယာကိစ္စ၊ ပိုးလမ်းမကြီးကိစ္စနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်အတွက် စက်မှုဇုန်တည်ဆောက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည် ဟု ကချင်နိုင်ငံရေး ပါတီခေါင်းဆောင်များက ပြောသည်။

“ငြိမ်းချမ်းရေးက အခုအချိန်မှာ အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ဟာမျိုးတော့ အခုအချိန်မှာ လက်မှတ်ထိုးရင် အကောင်းဆုံး အခြေအနေမျိုးဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို လုပ်ဖို့ ကောင်းပါတယ်ဆိုတဲ့ဟာမျိုးတော့ ပြောပြပါတယ်” ဟု တရုတ်သံအမတ်၏ ငြိမ်းချမ်းရေး တိုက်တွန်းမှုကို KDP ပါတီက ပြောပြသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံပွဲသို့ ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်များဘက်မှ ဦးကွမ်ဂေါင်အောင်ခမ်း (KDP) ၊ ဒေါက်တာ တူးဂျာ (KSDP)၊ ဦးခက်ထိန်နန် (UDPKS) တို့ တက်ရောက်ကြသည်။