တိုင်းရင်းသားများ ခွဲမထွက်ရန် ဗမာမှာ တာဝန်ရှိဟု ကေအဲန်ယူပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်။

တိုင်းရင်းသားများအား ပြည်ထောင်စုမှ ခွဲမထွက်အောင် လုပ်ဆောင်ရန် အစိုးရတွင်သာ ထာဝန်ရှိပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပါက ပြည်တွင်းစစ်ရပ်ဆဲသွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU/KNLA က နှစ် ၇၀ ပြည့် အခမ်းအနားတွင် ပြောသည်။

“ဘယ်လိုခွဲထွက်မလဲ ကျနော်တို့က အုပ်ချုပ်တဲ့သူက တကယ်လို့ တန်းတူအခွင့်အရေးပေးတယ်ဆို ခွဲထွက်ရင် ဘယ်မှာ သွားနေမလဲ တို့က ဟို့ကောင်းကင်ပေါ်မှာ ဘယ်မှာသွားနေမလဲ အုပ်ချုပ်တဲ့သူက ဒီတိုင်းရင်းသား မခွဲထွက်အောင် ဘယ်သူ့တာဝန်လဲ ကရင်က မခွဲအောင် ဗမာမှာ တာဝန်မရှိဘူးလား။” ဟု ကရင်အမျိုးသား အစည်းအရုံး KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ နယ်မြေ ကလိုယော်လေး ဒေသတွင် ကျင်းပပြုလုပ်သည့် ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့် အခမ်းအနားအပြီး သတင်းထောက်များက မေးမြန်းရာတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အုပ်ချုပ်နေသည့် အစိုးရအနေဖြင့် တိုင်းရင်သားများအား အသိအမှတ်ပြုပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အ၀ ပေးမည်ဆိုပါက ပြည်တွင်းစစ် အလိုအလျောက် ရပ်စဲသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောဂျော်နီ က ဆက်ပြောသည်။

ပြည်ထောင်စုမှ ခွဲမထွက်ရ၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေး အစရှိသည့် အကြောင်းအရာများကို အစိုးရ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ဆွေးနွေးရာတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ရှေ့ဆက်သွား၍မရပဲ ရပ်တန့်နေသည်။

“အယူအဆ ၃ ခုက အဓိက ကျတယ်။ ပြည်ထောင်စုကြီး မပြိုကွဲရေးဆိုတာ သူတို့ အမြင်က တစ်မျိုး ကျနော် တို့အမြင်က တစ်မျိုး ပြည်ထောင်စုကို မပြိုကွဲအောင် တန်းတူမှု အခွင့်အရေးပေးမှ မပြိုကွဲမှာပေါ့ တန်းတူမှု အခွင့် အရေး မရှိရင် ပြိုကွဲမှာပေါ့ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေး အမျိုးသား တန်းတူမှုမှ မရှိရင် ပြိုကွဲမှာပေါ့ တန်း တူမှုရှိရင် တည်တံ့ခိုင်မြဲမှာပေါ့ ဒါက ရိုးရိုးလေးပဲ” ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို ကော်မတီဝင် ဗဟိုအလုပ်အမှုဆောင် ပဒိုစောသမိန်ထွန်း က ပြောသည်။ “အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အချုပ်အခြာဟာ ပြည်သူ ကလာတာ ပြည်သူကနေ ရေးဆွဲနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ကျနော်တို့ သွားရင် တည်တံ့ခိုင်မြဲတယ် ဒါပဲ အဲဒါကို အမြင်ချင်း ညှိဖို့တွေမှာ အစိုးရ အပြောင်းအလဲ ဖြစ်တော့ တစ်ခါထပ်ပြီး တစ်မျိုးပြန်သွား အဲဒါတွေက လုံးထွေး သွားတာကျနော်တို့မှာ”

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ယခင် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ယခုတက်လာသည့် NLD အစိုးရလက်ထက်တွင် အစိုးရဖက်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဦးဆောင်သူအပြောင်းအလဲများကြောင့် NCA အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တစ်ဖက်နှင့်တစ်ဖက် ကွဲလွဲမှုများရှိသည်ဟု KNU က ပြောသည်။

“စာချုပ်ကတော့ အခုမှ လက်မှတ်ရေးထိုးထားတာ ၃ နှစ်၊ ၃နှစ် အတောအတွင်းမှာညှိနှိုင်းတဲ့ အချိန်မှာတုန်းက ပါတဲ့ပုဂ္ဂိုလ်နှင့် အခုက တက်ပြီးတော့ တာဝန်ယူတဲ့ပုဂ္ဂိုလ်က အကုန်လုံးက မတူပြန်ဘူး ညှိနှိုင်းတုန်းက အဲမှာ သဘောတူညီတဲ့ နားလည်မှု ပေါ်မှာ တူရတာကိုး အခုက ဆက်ပြီး တာဝန်ယူတာ တစ်ချို့တွေကျတော့ ဒီအပေါ်မှာယူပြီး နိုင်ငံတကာ စံနှုန်းနှင့် နှိုင်းယှဉ်ပြီးတော့ အဓိပ္ပာယ်ကောက်ခြင်း မတူဘူးဆိုတာလည်း ဖြစ်တာပဲ” ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဒု-ဥက္ကဌ ပဒို စောကွယ်ထူးဝင်း က ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။လက်ရှိတွင် တစ်ဆို့နေသည့် နိုင်ငံရေး ဆွေးနွေးမှုများကို ဖယ်ရှားရန်အတွက် အစိုးရနှင့် အလွတ်သဘော တွေ့ဆုံမှုများကို လုပ်ဆောင်လျက်ရှိပြီး တရားဝင် ဆွေးနွေးပွဲများကို ယာယီဆိုင်းငံ့ထားသည့် အဖွဲ့ဖြစ်သည်။

နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေး အခမ်းအနားကို ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၇ နယ်မြေ ကလိုယော်လေးဒေသတွင် ဇန္နဝါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့ပြီး အခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ ကရင်တိုင်းရင်းသားများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ အပါအဝင် လူဦးရေ သောင်းနှင့်ချီတက် ရောက်ခဲ့ကြသည်။