ဖက်စပ်ကုမ္ပဏီက သတင်းထောက် နှစ်ဦးကို ဖမ်းဆီး၊ ရိုက်နှက်၊ ဒဏ်ပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်။

ကချင်ပြည်နယ် အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးအား ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုမှ ဖမ်းဆီးရိုက်နှက်ခဲ့သည်ဟု မြစ်ကြီးနားသတင်းဂျာနယ်မှ တာဝန်ရှိသူများက ပြောသည်။

ဂျာနယ်တွင် ရေးသားသည့် သတင်းတစ်ပုဒ်အတွက် သတင်းထောက်နှစ်ဦးဖြစ်သူ မမွန်းမွန်းပန်နှင့် အဂျေ တို့နှစ်ဦးကို ကုမ္ပဏီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“အဂျေက ထိုင်ထ အခါသုံးရာလောက်လုပ်ပြီးတော့ လမ်းတောင်မလျှောက်နိုင်တော့ဘူး။ မွန်းမွန်းပန်ကိုလည်း ပါးရိုက်ထားတယ်တဲ့၊ ဂျာနယ်နဲ့ ရိုက်တယ်တဲ့၊ မျက်နှာမှာလည်း နီနေတယ်တဲ့၊ အခုက ရဲစခန်းကိုသွားပြီးမှ အမှုဖွင့်ဖို့စောင့်နေတယ်။ သတင်းထောက်အမျိုးသမီးကတော့ လန့်နေတယ်။ အရမ်းကြောက်နေတယ်ပေါ့နော်၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တယ်။ ယောက်ကျားလေးကတော့ လမ်းမလျှောက်နိုင်ဘူး”

ဝိုင်းမော်မြို့နယ်အတွင်းရှိ မန်ဒေါင်၊ ရှဝေါ်ကျေးရွာများတွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် သခင်စစ် သတ္ထုတူးဖော်ရေးကုမ္ပဏီလီမိတက်မှ ဒေသတွင်း တစ်ရှူးငှက်ပျောစိုက်ပျိုးခြံလုပ်ရန် မြေတိုင်းတာခြင်းများ စတင်လုပ်ဆောင်နေသည်ဆိုသည့် သတင်းအား ရေးသားလိုက်ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ဖမ်းဆီးရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု မြစ်ကြီးနားဂျာနယ် သတင်းတိုက်မှ အယ်ဒီတာချုပ် ဆိုင်းမိုင်က ပြောသည်။

“ဟိုရောက်တော့ မွန်းမွန်းပန်ကို ကုမ္ပဏီမှာချုပ်ထားတယ်၊ အဂျေကိုက တခြားအိမ်တစ်အိမ်မှာ ချုပ်ထားတယ် ဆိုတော့ အဲ့ဒါကို အဂျေက ဓါတ်ပုံတွေဘာတွေပို့ပေးတယ်။ အဲ့ချိန်မှာ မွန်းမွန်းပန်ကလည်း ဖုန်းဆက်လာတယ်။ သူ့ကို ရိုက်နှက်တယ်ပေါ့ ခြိမ်းခြောက်တယ်ဆိုပြီးမှလေ၊ အဲ့ဒါနဲ့ ဓါတ်ပုံတွေဘာတွေပို့လာတယ် အဂျေက။ ဒါနဲ့ အဲ့ပုံကို Facebook မှာ တင်လိုက်တာ၊ မြစ်ကြီးနားဂျာနယ်က သတင်းထောက်နှစ်ယောက်ကို ဒီကုမ္ပဏီက အဲ့လို လုပ်တယ်ဆိုပြီးမှ တင်လိုက်တာ၊ အဲ့လိုပို့ပြီးတင်ခိုင်းရကောင်းမလားဆိုပြီး အဂျေကို ထိုင်ထ အခေါက် တစ်သိန်း လုပ်ခိုင်းတယ်။ အဲ့မှာ မွန်းမွန်းပန်က ဖုန်းပြန်ဆက်လာတယ်၊ ဘာလို့အဲ့ပုံတွေတင်လိုက်တာလဲ၊ အဂျေကို ထိုင် ထအခေါက်တစ်သိန်းလုပ်ခိုင်းနေပြီ။ မြန်မြန်ဖြုတ်ချပေးဆိုပြီး ဖုန်းဆက်လာတယ်။ ဆရာဘရန်မိုင်နဲ့ ကျနော်တို့က အဲ့ပုံကို ပြန်ဖြုတ်ချလိုက်တယ်” ဟု ဆိုင်းမိုင်က ပြောသည်။

မြစ်ကြီးနားဂျာနယ်မှ ယမန်နေ့က ရေးသားခဲ့သည့် အဆိုပါ သတင်းနှင့် ပတ်သက်၍ “အခုကုမ္ပဏီစပြီး ဝင်လာ တယ်ပေါ့နော်၊ အဲ့ဒါကို ရပ်ကွက် ရွာက ကန့်ကွက်တယ်ပေါ့၊ အုပ်ချုပ်ရေးမှူးကလည်း ကန့်ကွက်တယ်ဆိုပြီး သတင်းရေးလိုက်တာ၊ အုပ်ချုပ်ရေးမှူးအသံလည်းပါတယ်၊ ဒေသခံတွေရဲ့ အသံလည်းပါ တယ်၊ အဲ့မှာ ငှက်ပျော စိုက်ရင် ဆိုးကျိုးက ဘာတွေဖြစ်နိုင်တယ်၊ သဘာဝပတ်ဝန်းကျင်တွေ ဘယ်လောက်ထိ ခိုက်နိုင်တယ်ဆိုတဲ့ဟာ တွေပေါ့နော်၊ ထည့်ရေးလိုက်တာ၊ အဲ့မှာ ကုမ္ပဏီက စိတ်ဆိုးတာ၊” ဟု ဆက်ပြောသည်။

မြစ်ကြီးနားဂျာနယ်မှ တာဝန်ရှိသူများ၊ မြစ်ကြီးနားမြို့မှ သတင်းထောက်များနှင့် ဝိုင်းမော်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများ သခင်စစ် ကုမ္ပဏီသို့သွားရောက်မှ သတင်းထောက်နှစ်ဦးအား ပြန်လည်လွတ်ပေးခဲ့သည်ဟု ပြောသည်။

ထို့ကဲ့သို့ သတင်းထောက်နှစ်ဦးအား ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်းများအတွက် သခင်စစ်ကုမ္ပဏီအား ဥပဒေအရ အမှုဖွင့်သွားမည်ဟု မြစ်ကြီးနားဂျာနယ်မှ တာဝန်ရှိသူများက ပြောသည်။

ကချင်ပြည်နယ် အတွင်းရှိ ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ကန်ပိုင်တီဒေသတလျှောက်နှင့် မြစ်ကြီးနား-ဗန်းမော် လမ်းတလျှောက်တို့တွင် တရုတ်ဘက်ခြမ်းမှ တစ်ရှူးငှက်ပျောခြံများ လာရောက်စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည်။