မြောက်ဦးမြို့နယ်အတွင်း တပ်မတော် ဖမ်းဆီးထားသူ ၂၇ ဦးအနက်မှ ၃ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လက္ကားကျေးရွာမှ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရွာသား (၂၇) ဦးအနက် (၃) ဦးသေဆုံးသွားသည်ဟု မိသားစုဝင်များနှင့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌက အတည်ပြု ပြောသည်။

ဧပြီလ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် လက္ကားကျေးရွာမှ ရွာသား ၂၇ ဦးကို တပ်မတော်က ဖမ်းဆီးခေါ် သွား ပြီးနောက် နှစ်ပတ်အကြာအထိ အဆက်အသွယ် မရသောကြောင့် မိသားစုဝင်များမှ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌကို ဆက်သွယ်ပြီးနောက် ယခုကဲ့သို့ သိရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

သေဆုံးသူသုံးဦးအနက် အသက် (၂၅) နှစ်အရွယ် ကိုဇော်မျိုးထွန်းမှာ ကျောက်တော်မြို့နယ် ယင်းချောင်းကျေးရွာမှဖြစ်ပြီး မြောက်ဦးမြို့ လက္ကာကျေးရွာရှိ ၎င်း၏ ချစ်သူ ရည်စားထံ အလည်သွားရာမှ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“ကျနော်တူက ရှင်ပြုတာ မကြာ သေးဘူး။ ရှင်ပြုပြီးတာနဲ့ ပဉ္ဇင်းခံတာ။ ပဉ္ဇင်းခံပြီးထွက်တာ ၇ ရက်လောက်ပဲရှိသေးတယ်။ သူ့မှာ လက္ကာရွာမှာ ချစ်နေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်လို့ ပြောတယ်။ သူ့ဆီကိုသွားတာ။ သူ့ (၈) ရက်နေ့က ထွက်သွား တယ်။ ၁၀ ရက်နေ့မှာ လက္ကာမှာ ဖမ်းခံရတယ်လို့ကြားတယ်။ အဲ့ဒီနေ့ကစပြီး ဒီနေ့အထိ မတွေ့ ရတော့ဘူး။ ဒီနေ့ လွှတ်တော်ဥက္ကဌနဲ့သွားတွေ့တာ၊ အဲ့ဒါ လွှတ်တော်ဥက္ကဌက လှမ်းမေးပေးတော့မှ သေပြီဆိုတာ ဒီနေ့မှ သိတာပါ” ဟု ကိုဇော်မျိုးထွန်း၏ ဦးလေး ဦးစိုးသိန်းက ပြောသည်။

သေဆုံးသည်ဟုသာ သိရှိရပြီး မိဘဆွေမျိုးများမှာ အလောင်းကို မတွေ့ရသေးပဲ ရှိနေသည်။

“သူ့ကိုမှီပြီး သူ့အဖေအမေတွေက စားနေရတာ၊ သူလုပ်ကျွေးနေတာပါ။ သူအခုလိုဖြစ်သွားတော့ အရမ်းစိတ် ညစ်တယ်။ မိဘတွေလည်း အခက်အခဲတွေ့နေတယ်။ အခု သူ့အမေကိုပြောဖို့တောင် ခက်နေတယ်။ ဖမ်းခံရတဲ့ နေ့ကဆို ထမင်းတောင်မစားဘူးလေ။ တောင်းဆိုချင်တာက ဒီကလေးကို ကျနော်တို့တွေ့ ခွင့်ရချင်ပါတယ်။ ဘယ်လိုထားတာလဲ၊ ဘယ်လိုဖြစ်သွားတာလဲ၊ အဲ့ကလေးသေသွားတယ်ဆိုရင်လည်း အလောင်းကို မြင်ချင်ပါ တယ်။ ကျနော်တူလေးက အမှန်တကယ် ရွာမှာ မိဘကိုလုပ်ကျွေးနေတဲ့ ကလေးဖြစ်တဲ့အတွက် တစ်ရွာလုံးက သိတယ်။ AA မဟုတ်ဘူးဆိုတာကို တစ်ရွာလုံးကလည်း သက်သေခံပေးလို့ရပါတယ်။ ရှင်ပြုတာလည်း မကြာ သေးဘူး။ သက်သေအထောက်အထားတွေ အကုန်ရှိတယ်” ဟု ဦးစိုးသိန်း က ဆက်ပြောသည်။

ဖမ်းဆီးခံရသူများထဲမှ ၁၉ ယောက်မှာ လက္ကာကျေးရွာမှ ရွာသားများဖြစ်ပြီး ကျန်ရှိသူ (၈)ဦးမှာ အခြားသော ကျေးရွာများမှ ရွာသားများဖြစ်ပြီး ၎င်းတို့မှာ AA အဖွဲ့မှ မဟုတ်ကြောင်း မြောက်ဦးမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်နှင့် ဒေသခံရွာသားများက ဧပြီလ ၁၀ ရက်နေ့က အတည်ပြုပြောဆိုထားသည်။

မြောက်ဦးမြို့ရှိ ရဲတပ်ရင်းတိုက်ခိုက်ခံရပြီးနောက် တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အဆိုပါ (၂၇) ဦးအား တပ်မတော်စစ်ကြောင်းက ရွာထဲဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက “ဟုတ်ကဲ့ သေသွားတာဟုတ်တယ်။ အတည်ပြုလို့ရတယ်၊ သုံးဦးသေတယ်၊ ဘယ်လိုသိတာလဲဆိုတော့ သက်ဆိုင်ရာ နယ်လုံဝန်ကြီး ဦးဖုန်းတင့်ပြောတယ်။ သူ့ကို ဖုန်းဆက်လိုက်ပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်ကို သတင်းနှင့် မီဒီယာကွန်ရက်က ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။ အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ဆိုက်စာမျက်နှာတွင်လည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုလည်း ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

သို့သော် အဆိုပါ ရွာသားသုံးဦးသေဆုံးမှုနှင့် ပတ်သက်၍ တစ်ဦးမှာ နှလုံးရောဂါဖြင့် သေဆုံးကြောင်း၊ တစ်ဦးမှာ အချုပ်ထဲတွင် ကြိုးဆွဲချသေဆုံးကြောင်းနှင့် အခြားတစ်ဦးမှာ ဆေးစွဲနေသူတစ်ဦးဖြစ်ပြီး စိတ်ဓါတ်ကျကာ သေ ဆုံးသွားခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွ့ဲ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇာ်မင်းထွန်းက ဧရာဝတီသတင်းဌာနကို ဖြေကြားထားသည်။

သေဆုံးသူများ၏ မိသားစုဝင်များက ရုပ်အလောင်းများ ပြန်ရလိုကြောင်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ် ဆေးချက်များ ရယူလိုကြောင်း၊ ယနေ့အချိန်ထိ ရုပ်အလောင်းများအား မတွေ့ရသေးသည့်အတွက် ယုံကြည်၍ မရသေးကြောင်း ပြောသည်။

ထို့အပြင် ကျန်ရှိနေသူများအားလည်း အမြန်ဆုံး ပြန်လွှတ်ပေးစေလိုသည်ဟု လက္ကာကျေးရွာမှ ဒေသခံများက ပြောသည်။

မြောက်ဦးမြို့ အရေးပေါ် ကူညီရေးအဖွဲ့ မှ ကိုဇော်ထွန်းကလည်း “တပ်တွေ စစ်တပ်တွေ အချင်းချင်း ပစ်ကြတာ ခတ်ကြတာ သူတု့ိရဲ့ နိုင်ငံရေးပြဿနာတွေပါ။ အဲ့ဒါတွေကို ပြည်သူတစ်ယောက်အနေနဲ့ကတော့ စစ်ပွဲတွေကို အမြန်ဆုံးရပ်ပေးဖို့ပဲတောင်းဆိုပါတယ်။ တကယ်လို့ နိုင်ငံရေးပြဿနာဟာ မပြေလည်လို့ စစ်ပွဲတွေ ဆက်ရှိနေ မယ်ဆိုရင်လည်းပဲ ပြည်သူတွေကို အတတ်နိုင်ဆုံး စောင့်ရှောက်ကြဖို့၊ ကာကွယ်ကြဖို့ပဲ တောင်းဆိုချင်တယ်။ အခုလိုမျိုးဖြစ်ရပ်တွေကို နောက်ထပ်လုံးဝမဖြစ်ဖို့ အစိုးရရော၊ နှစ်ဘက်စစ်တပ်ကရော ဝိုင်းဝန်းပြီး တာဝန်ယူ ပေးကြဖို့ပဲ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။

မြောက်ဦးမြို့အတွင်းရှိ အမှတ် ၃၁ ရဲတပ်ရင်းနှင့် လေးမြို့ မြစ်ကမ်းဘေးရှိ တပ်မတော်၏ ယာယီစခန်းတခုအား AA ရက္ခိုင့်တပ်မတော်က ဧပြီလ ၉ ရက်နေ့ ညက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အရာရှိစစ်သည်အချို့ ထိ ခိုက်ကျဆုံးခဲ့ကြောင်း၊ ထို့နောက် နှစ်ဘက်ကြား တစ်ညလုံး တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ မြောက်ဦးမြို့ လက္ကာ ကျေးရွာအနီး AA အဖွဲ့မှ စစ်ကူလာသည့် တပ်မတော်စစ်ကြောင်းအား ဖြတ်တိုက်ခဲ့ကြောင်း၊ ထို့နောက် တပ်မ တော်မှ AA တပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းရာ လက္ကာကျေးရွာအတွင်း အရပ်ဝတ်ဖြင့် AA အဖွဲ့ဝင် ၂၃ ဦး ကို ဖမ်းဆီးရမိကြောင်း ဧပြီလ ၁၀ ရက်နေ့က တပ်မတော်က သတင်းထုတ်ပြန်ထားသည်။