ရှမ်းတောင် တောင်သူများ မြေယာများ အပြီးအပိုင် ဆုံးရှုံးမည်ကို စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ဆီဆိုင်မြို့နယ်ထဲက တပ်သိမ်းမြေများကို ပြန်လည်စွန့်လွှတ်ပေးအပ်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ ဒေသခံတပ်ရင်းအား ပြောဆိုထားသော်လည်း ယနေ့အချိန်အထိ ပေးအပ်ခြင်းမရှိသည့်အပြင် လုပ်ကိုင်ခွင့် မပြုတော့သည့်အတွက် ဒေသခံများမှာ အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်ဟု မြေသိမ်းခံထားရသည့် တောင်သူများက ပြောသည်။

“၂၀၁၄ ကာချုပ်ကြီး မင်းအောင်လှိုင်လာတော့ အဲဒါ တပ်ရင်းကို ခေါ်ပြီးတော့ ပြောတယ်။ ပြည်သူတွေဟာ ဒီလောက် ကြပ်တည်းနေတာ ဘာမှလည်း စိုက်ထားတာ မရှိဘူး။ ဘာမှလည်း အကောင်အထည်ဖော်ထားတာ မရှိဘူးလို့ တောင်သူကို ပြန်ပေးလိုက်ပါလို့ အဲဒီတပ်ရင်းကလူတွေပဲ အန်တီတို့ကို လာပြောတဲ့အခါကျတော့ အန်တီတို့က ၂၀၁၄ ကတည်းက စိုက်လာတာ အခုထိပဲ။ ဒီနှစ်ကျတော့ ပိုပြီးတော့ လုံးဝ မပေးလုပ်တော့ ဘူးဆိုတော့ ပိုပြီးတော့ ဒုက္ခရောက်တယ်။” ဟု မြေသိမ်းခံထားရသည့် တောင်သူ ဒေါ်ချိုချိုဝင်း က ပြောသည်။

တပ်သိမ်းမြေများမှာ ပိုင်ရှင်ရှိထားသော်လည်း ယခုအချိန်တွင် မြေလွတ်မြေလတ်မြေရိုင်း သဘောမျိုးဖြင့် ဒေသခံတောင်သူများအား လုပ်ကိုင်ခွင့်မပေးပဲ စီးပွားရေး ကုမ္မဏီတစ်ခုအား လုပ်ကိုင်ခွင့်ပေးမည့် အနေအထားကြောင့် ဒေသခံများမှာ စိုးရိမ်နေကြသည်ဟု မြေသိမ်းခံထားရသည့် တောင်သူများက ပြောသည်။

လက်ရှိတပ်သိမ်းမြေများကို ယခင်နှစ်များက လုပ်ကိုင်ခွင့်ပေးထားသည်ဟု မြေသိမ်းခံထားရသည့် တောင်သူ ဦးခွန်ကျော်ဆွေ က ပြောသည်။

“ဒီတပ်သိမ်းမြေက သူတို့သိမ်းထားတာက အရင်တုန်းက လုပ်ရတာပေါ့ဗျား။ ခုနောက်ကျတော့ သူတို့က မပေး လုပ်ချင်ဘူးပေါ့။ အရင်တုန်းကတော့ သီးစား သဘောမျိုးချတာပေါ့ဗျား။ သီးစားသဘောမျိုးချတော့ ခုတစ် ခါပို ဆိုး လာတယ်လေ”

ယခုနှစ်တွင် လုပ်ကိုင်ခွင့်မပေးတော့ဘူး ဟု ဆက်ပြောသည်။

“ဒီနှစ်ကျတော့ ကျနော်တို့ကို မပေးလုပ်ပဲနဲ့ ကျနော်တို့က မလုပ်ရဘူး။ သူတို့ကျတော့ ကုမ္ပ ဏီကို ချမယ်လို့ ကျနော်တို့က သတင်းရတယ်။ အဲဒါကြောင့် သူတို့က စက်ကြီးတွေနဲ့ ပိတ်ထယ်တယ် ခါတိုင်း ကတော့ သူတို့က သူတို့ဧရိယာတောင်မပြောနဲ့ ဒီဖက်ဘေးပတ်ဝန်းကျင်မှာ သူတို့အနီးနားလေးတောင် မလုပ်နိုင်ဘူးလေ” ဟု ဦးခွန်ကျော်ဆွေ က ပြောသည်။

စိုက်ပျိုးခွင့် လုပ်ကိုင်ခွင့်မရပါက စားဝတ်နေရေးအတွက် ခက်ခဲလာနိုင်သည်ဟု တောင်သူများက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းရှိ တပ်မတော်မှ သိမ်းဆည်းထားသည့် တပ်သိမ်းမြေ ဧက ၂၀၀၀ ကျော်ပြန်လည်ရရှိရေး ဒေသခံ ၅၀၀ နီးပါးခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တောင်ကြီး-ဆီဆိုင်-လွိုင်ကော် လမ်းမကြီးပေါ်ရှိ ဆီဆိုင်မြို့နယ်ထဲမှ ကျေးရွာက ပိုင်ဆိုင်သည့် ဘိုးဘွားပိုင် စိုက်ပျိုးရေးမြေများအား တပ်မတော်က သိမ်းဆည်းခဲ့သည့်အတွက် အဆိုပါ သိမ်းဆည်းမြေများ ပြန်လည် ရရှိရေး ဒေသခံများက မေလ ၁ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်သို့ လာရောက်စဉ်ကလည်း တပ်သိမ်းမြေ များကို ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးရန် တောင်သူများက တိုင်စာပေးပို့ တောင်းဆိုထားသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှု ရှိမလာဟု တောင်သူများက ပြောသည်။

ဒေသခံများအနေဖြင့် တပ်သိမ်းမြေများကို ပြန်လည်ရရှိရန် ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တိုင်ကြားထားသော်လည်း ပြေလည်မှုမရရှိသည့်အတွက် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု ပြောသည်။

“အဓိက တောင်းဆိုချင်တာက ကျွန်မတို့ဖက်မှာ ဒီတောင်သူတွေ မြေလွှတ် မြေရိုင်းမရှိတာ့ဒီလယ်ယာမြေ တွေက တောင်သူတွေ အတွက် အသက်သွေးကြော ဖြစ်တဲ့အတွက်ကြောင့်မို့ လို့ ဒီလယ်ယာမြေမရှိရင် ဒီတောင်သူတွေက အကုန်သေသွားမှာမိုလို့ အဓိကက ဒီမြေယာတွေ တောင်ယာတွေကို ရဖို့ ဖြစ်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်ချိုချိုဝင်း က ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် တောင်သူများက ကျွနု်ပ်တို့ တိုင်းရင်းသားဒေသတွင် မြေလွတ်မြေလပ်မြေရိုင်းမရှိပါ၊ မြေယာသည် ကျွနု်ပ်တို့တိုင်းရင်းသားများ၏ အသက်သွေးကြောဖြစ်သည်၊ မြေယာသည်ကျွနု်ပ်တို့ တိုင်းရင်း သားများ၏ ယဉ်ကျေးမှုဖြစ်သည်၊ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း မြေယာစီမံခန့်ခွဲမှု အခွင့်အရေးကို အသိအမှတ်ပြု အလေးထားရန် အစရှိသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။

ထို့အပြင် ပြည်သူ့မြေ ပြည်သူ့ထံ ပြန်ပေးရေး ဒို့အရေး ဒို့အရေး၊ မြေယာသိမ်းဆည်းမှုအလိုမရှိ အလိုမရှိ အလိုမရှိ၊ ဒေသခံတောင်သူများ မြေယာပိုင်ဆိုင်ခွင့် ရရှိရေး ဒို့အရေး ဒို့အရေး စသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။

ဒေသခံများ၏ မြေယာများကို လွန်ခဲ့သည့် ၁၉၉၁ မှ ၁၉၉၅ ခုနှစ် အတွင်းက နယ်မြေခံတပ်ရင်း ၄၂၃ နှင့် ၄၂၄ တပ်ရင်းများက သိမ်းယူလိုက်ခြင်းဖြစ်ပြီး သိမ်းယူစဉ်က ယာယီဟု ပြောဆိုခဲ့သော်လည်း ယခုအချိန် မြေယာများကို ပြန် လည်စွန့်လွှတ်ပေးအပ်ခြင်း မရှိဟု တောင်သူများက ပြောသည်။

နယ်မြေခံတပ်ရင်း ၄၂၃ နှင့် ၄၂၄ တို့ သိမ်းယူထားသည့် မြေများမှာ ဧက နှစ်ထောက်နီးပါးခန့်ရှိပြီး အချို့မှာ ပြန်လည်စွှန့်လွှတ်ပေးအပ်လိုက်သည်ဟု ဆိုသော်လည်း ဒေသခံတောင်သူများ၏ လက်ဝယ်ထဲသို့ ရောက်ရှိလာခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။

တောင်သူများအနေဖြင့် ၎င်းတို့၏ မြေယာ စသိမ်းခံရစဉ်က ရွာရွှေ့ပြောင်းရသည့်အတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်ရသည့်အပြင် လုပ်ကိုင်စားသောက်ရေးအတွက်လည်း ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်ဟု မြေသိမ်းခံထားရသူများက ပြောသည်။

၂၀၁၅ ခုနှစ် နောက်ပိုင်း NLD အစိုးရ တက်လာပြီးနောက် တပ်သိမ်းမြေများကို တောင်သူများထံသို့ ပြန်လည်စီစစ် ပေးအပ်ခဲ့သော်လည်း နိုင်ငံနှင့်အဝန်း မြေယာသိမ်းဆည်းမှု ပြဿနာများမှာ ရှိနေဆဲဟု မြေယာအရေး လုပ်ဆောင်သူများက ပြောသည်။