အပစ်ရပ်ကာလ တိုးမြှင့်ကြောင်းကြေညာအပြီး တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဇူလိုင် ၂ ရက်။

တပ်မတော်က မြောက်ပိုင်းဒေသများရှိ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် နှစ်လ တိုးမြှင့်လိုက်ကြောင်း ကြေညာလိုက်သည့် အတွင်းမှာပင်  လားရှိုးမြို့နယ်အတွင်း တပ်မတော်နှင့် တအာင်းတပ်ဖွဲတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည် ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ပြောသည်။

လားရှိုးမြို့နယ်၊ လွယ်လန်တောင်ကြောတစ်လျှောက်တွင် ဇူလိုင်လ ၁ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNAL ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

“ဒီနေ့က တိုက်ပွဲက လားရှိုးမြို့နယ်ထဲက လွယ်လန်တောင်ကြောပေါ်မှာဖြစ်တယ်။ ဒီတိုက်ပွဲက မနက် ၅ နာရီခွဲ လောက်ကနေ ၆ နာရီခွဲလောက်အထိဖြစ်တယ်။ မြန်မာ့တပ်မတော်က ကျနော်တို့ရှိတဲ့ တောင်ကြောပေါ်တက် လာတာပေါ့နော်၊ နှစ်ဖက်တောင်ကြောပေါ်မှာတွေ့ ပြီး ရင်ဆိုင်တိုက်ပွဲဖြစ်သွားတာ”ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

တပ်မတော်စစ်ကြောင်းက လွယ်ဟိုဆေဖက်မှ တအာင်းတပ်များရှိရာ လွယ်လန်တောင်ကြောပေါ်သို့ ထိုးစစ်ဆင် လာပြီး နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ရခြင်းဖြစ်သည်ဟု PSLF/TNLA က ပြောသည်။ တပ်မတော်မှ စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၈ နှင့် တအာင်းတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ စစ်တိုင်းဌာနချုုပ် (၅) ခုအတွင်း ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်ရပ်ကာလ နှစ်လ ထပ်တိုးမြှင့်လိုက်ကြောင်း ဇွန်လ (၃၀) ရက်နေ့ ယမန်နေ့က ထုတ် ပြန်ကြေညာထားသည်။

ထိုသို့ထုတ်ပြန်ကြေညာပြီးနောက် ပထမဆုံးအကြိမ် တပ်မတော်နှင့် တအာင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

“အပစ်ရပ်ကာလတော့ ကြေညာထားတယ်။ ဒါပေမယ့် ကျနော်တို့ ဒေသမှာတော့ တိုက်ပွဲလုံးဝရပ်သွားတာ တော့ မရှိဘူးပေါ့။ ဒီဇွန်လထဲမှာဆိုရင် ပိုပြီးစိပ်လာတယ်။ တိုက်ပွဲအကြိမ်ရေ ၂၀ လောက်ပြန်ဖြစ်နေတာ။ ဇွန်လ ထဲမှာလည်း ကျနော်တို့ရှိတဲ့နေရာဆိုရင် သူတို့က တောက်လျှောက်လိုက်လာတယ်။ အဲ့ကြောင့် တိုက်ပွဲက ပိုပိုစိပ်လာတယ်”ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ဆက်ပြောသည်။

“ဆိုလိုချင်တာကတော့ သူတို့အပစ်ခတ်သာကြေညာထားတာ ဒါပေမယ့် မြေပြင်မှာတော့ ဘာမှပြောင်းလဲမှုမရှိ ပါဘူး။ စစ်ရေးပြင်ဆင်မှုတွေ၊ ထိုးစစ်ဆင်မှုတွေ၊ အပစ်ခတ်တွေ ဆက်လက်လုပ်နေတယ်။ တချို့နေရာမှာဆိုရင် စစ်ရေးလှုပ်ရှားမှုတွေက ပိုတောင်စိပ်လာတယ်။”

တပ်မတော်မှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်တော် PSLF/TNLA နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှု များ ပိုမိုလုပ်ဆောင်နေသည်ဟု PSLF/TNLA က ပြောသည်။

တပ်မတော် နှင့် PSLF/TNLA အကြားဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေများနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ရေးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။ ထို့အပြင် အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

သို့သော်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး တပ်မတော် အနေ ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများအား နှစ်လ ထပ်မံ တိုးမြှင့်ထားသည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။

စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ရပ်ဆိုင်းပေးထားသည့် ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက် မပြတ် ဆွေးနွေးနိုင်ခဲ့သည်ကို တွေ့ရှိရသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် ပါဝင်သည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်မှုအပြည့်ဖြင့် လက်ရှိ အခြေအနေထက် ပိုမိုဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် စစ်တိုင်း (၅) အား စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ထပ်မံ တိုးမြှင့်ရပ်ဆိုင်းပေးခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အပစ်ရပ်ကာလကို ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉  ဧပြီလ အထိ တစ်ကြိမ်၊ဒုတိယအကြိမ်အဖြစ် ၂၀၁၉  မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ တစ်ကြိမ်ရပ်ဆိုင်းပေးခဲ့ပြီး၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ တစ်ကြိမ် ထပ်မံရပ်ဆိုင်းပေးခြင်းဖြစ်သည်။

ထိုကဲ့သို့ အပစ်ရပ်ကာလများ ရပ်ဆိုင်းပေးထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ မကြာ ခဏဖြစ်ပွားလျှက်ရှိသည်။

ထို့အပြင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် နှင့် မြို့နယ်အတော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ချင်းပြည် နယ်အတွင်းရှိ ဒေသအချို့တွင်လည်း တိုက်ပွဲပွားများဖြစ်ပွားလျှက်ရှိသည်။