မုဒိန်းမှု ကာကွယ်ရေး ကလေးများအား ပညာပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။

သက်ငယ် မုဒိန်းမှုများ နှင့် ပတ်သက်ပြီး ပြည်သူလူထု အကြား ဆွေးနွေးမှု စိုးရိမ်မှု မြင့်မားလာနေချိန်တွင် မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ဦးဆောင်ပြီး ကလေး ငယ်များကို (Body Prevention) ခန္ဓာကိုယ် ကာကွယ်တားဆီးသည့် အသိပညာပေးမှုကို ပြုလုပ်လျှက်ရှိသည်။

သက်ငယ်မုဒိန်းဖြစ်ပွားမှု လျော့ကျစေရေး ရည်ရွယ်ပြီး “ကလေးတို့အန္တရာယ် ကင်းစေဖို့ အသိပညာပေး ကာကွယ်စို့” ဟူသည့်ခေါင်းစဉ်နှင့် အသိပညာပေး ဟောပြောမှု ကို ဇွန်လ ၂၄ ရက်နေ့မှ စကာ စာသင်ကျောင်းများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အသိပညာပေးဟောပြောမှုကို ကလေး၊ မိဘနှင့် ဆရာ/ဆရာမများ ပူးပေါင်းပါဝင်သည့် ပုံစံမျိုးဖြင့် အစိုးရ စာသင်ကျောင်းများတွင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဦးဆောင်လုပ်နေသည့် မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ကျောင်းတွေမှာ မိဘ၊ ခလေး ဆရာဆရာမတွေ ပူးပေါင်းပါဝင်တဲ့ ဒီ body prevention ကို ခလေးတွေ နား လည်နိုင်မယ့် ပုံစံနဲ့ အသိပညာပေးမယ် ခလေးတစ်ယောက်က သူ့ကိုသူ ဘယ်လိုကာကွယ်ရမလဲ ကြုံလာရင် ဘယ်လိုတုန့်ပြန်ရမလဲဆိုတဲ့ဟာမျိုးပေါ့” ဟု ဒေါ်ခိုင်ခိုင်လဲ့ က ပြောသည်။

ပြည်နယ်အတွင်း အဖြစ်များလာနေသည့် သက်ငယ်မုဒိန်းနှင့် ပတ်သက်ပြီး မိဘအုပ်ထိန်းသူတို့ကသာ သိထား နေရသည့် အနေအထားမျိုးနှင့် မရတော့ပဲ ကလေးငယ်များကိုယ်တိုင် မိမိခန္ဓာကိုယ်ကို မည်သို့ကာကွယ်ရမည်၊ ကြုံတွေ့လာပါက မည်ကဲ့သို့ တုန့်ပြန်ရမည် ဆိုသည့်အသိကို သိရှိထားရမည့် အနေအထားမျိုးကြောင့် Body Prevention ဆိုသည့် အသိပညာပေးမှုမျိုးကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ဟု ဒေါ်ခိုင်ခိုင်လဲ့ က ဆက် ပြောသည်။

အသိပညာပေးဟောပြောသည့်အစီအစဉ်ကို မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ သထုံ၊ ချောင်းဆုံမြို့နယ်များရှိ အစိုးရစာသင်ကျောင်းများတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရရှိလာမည့်ရလာဒ်များအပေါ် ပြန်လည်သုံးသပ်ကာ ကျန်မြို့နယ်များတွင်လည်း ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားသည် ဟု မွန်ပြည်နယ် လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ပြောသည်။

အသိပညာပေးလှုပ်ရှားမှုကို ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ ကြီးမှူးပြီး ပြည်နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၊ (CARE Myanmar)၊ နွေးထွေးသောရင်ခွင်၊ ရွှေကျွန်းသာ လူမှုကူညီရေးအဖွဲ့တို့၏ ပံ့ပိုးကူညီမှု၊ ပညာရေးဌာနတို့၏ ပူးပေါင်းပါဝင်မှုဖြင့် လုပ်ဆောင်ခဲ့သည် ဟုလည်း အဆိုပါကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

မွန်ပြည်နယ်တွင် သက်ငယ်မုဒိန်းဖြစ်ပွားမှုအခြေအနေသည် ပိုမိုများပြားလာကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လနောက်ဆုံးအပတ်အတွင်း ဖြစ်ပွားခဲ့သည့်အမှုအရေအတွက်သည် ၂၀၁၈ ခုနှစ် တစ်နှစ်စာခန့်ရှိသည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

မကြာသေးမီက နေပြည်တော်မူကြိုကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် သက်ငယ် မုဒိန်းမှုနှင့် ပတ်သက်၍လည်း မြန်မာတစ်နိုင်ငံလုံးတွင် ဝေဖန်ဆွေးနွေးမှုများ မြင့်တက်လျက်ရှိနေသည်။