ပတ်ဝန်းကျင်အခြေအနေနှင့် ချမှတ်သည့် မူဝါဒများကြောင့် မိုင်းလားဒေသ ဖွံ့ဖြိုးခဲ့ခြင်းဟု တိုင်းရင်းသား ခေါင်းဆောင်အချို့က ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။

“ဝ” နှင့် မိုင်းလား ဒေသများ ဖွံ့ဖြိုးရခြင်းမှာ အပစ်အခတ်ရပ်စဲရေး ရယူပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း မရှိစေရန် ထိန်းသိမ်းနိုင်ခြင်းကြောင့် ဖြစ်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်အချို့က မြင်ကြသည်။

“မှန်ကန်တဲ့ ပေါ်လစီတစ်ခုကို ချမှတ်နိုင်လို့ အပစ်ခတ်ရပ်စဲရေးကို ထိန်းထားနိုင်တယ်။ ငြိမ်းချမ်းရေးကိုရှေ့ရှုနိုင် တယ်လို့ ပြောလို့ရတယ်။ မှန်ကန်တဲ့ ပေါ်လစီတစ်ရပ် မရှိပဲနဲ့ ရေရှည်သွားလို့ မရဘူး” ဟု ကရင်အမျိုးသား အစည်းအရုံး KNU ဗဟို အမြဲတမ်းကော်မတီဝင် ပဒိုမန်းငြိမ်းမောင် ကပြောသည်။

အပစ်အခတ်ရပ်စဲရေး ထိန်းသိမ်းထားနိုင်ခြင်းမှာ အိမ်နီးချင်းနိုင်ငံ၏ အခြေအနေလည်း ပါဝင်သည်ဟု ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ဒီလို ဒေသတွေက ပါဝါ အရင်း အမြစ်ကို သူကမထိဘူး။ ကိုယ့်နေရာ ကိုယ်နေတယ် မဆိုင်သလိုနေတယ်။ အတွင်းစည်းမှာလည်း ညီညွှတ် အောင်လုပ်တယ်။ သူကအိမ်းနီးနားချင်း တိုင်းပြည်တွေလည်းပါတာပေါ့ အားလုံးပေါင်းလိုက်တဲ့ အခါကျတော့ သူက တစ်စုံတစ်ရာ တည်ငြိမ်မှု ရှိတယ်လို့ ပြောလို့ရတယ်။”

ပစ်ခတ်တိုက်ခိုက်မှု ပြန်လည်ဖြစ်ပွားခြင်း မရှိပဲ ဒေသအတွင်း ဖွံ့ဖြိုးမှု တိုးတက်မှု လုပ်နိုင်ရခြင်းနှင့် ပတ်သက်၍ အထူးဒေသ ၄ PSC/NDAA မိုင်းလား အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးခမ်းမောင် က “သူ့စည်းနှင့်ကိုယ်စည်းနဲ့ ရှိပြီးသားဖြစ်တယ်။ အဲတော့ ဒီကြားထဲမှာ ခင်ဗျားတို့ ကိုယ့်တပ်နှင့် ကိုယ့်နေရာ ကိုယ့်ဟာကို လုံခြုံရေးပေါ့ အဲဒါယူထားပါ။ နောက်တစ်ခါ ကိုယ့်ဒေသကို ကိုယ့်ဧရိယာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ် ဒါက နိုင်ငံတော် အကြီးအကဲ အရင်တုန်းက မိန့်မှာချက်က အဲဒါရှိတယ်။ အဲဒါနဲ့ ဒီမူကို ကျနော်တို့က လက်ခံပြီးတော့ ၈၉ ခုနှစ်ကနေ စပြီးတော့ ဒီကနေ့ အထိပေါ့ ကျနော်တို့ အစိုးရအဖွဲ့နဲ့လည်း ထိတွေ့မှု ပစ်ခတ်မှု တစ်ခါမှ မရှိဘူး။ ကျည်ဆံ တစ်ထောင့်မှ မပစ်ဖောက်ဘူး။ အလားတူပဲ ညီနောင်အဖွဲ့ အစည်းတွေနဲ့လည်း သွားပြီးတော့ ရန်စတာ သွာပြီးတော့ ပစ်ခတ်မှု မရှိဘူး။ ကျနော်တို့တွေက အဲလို တည်ငြိမ်အေးချမ်းတဲ့ အနှစ် ၃၀ အတွင်းမှာ ဒီလိုဖွံ့ဖြိုးတိုးတက်လာတာပေါ့” ဟု ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းမိဏ်းကလည်း “ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ အထူးဒေသ ၂ အဖွဲ့အစည်းကရော အထူးဒေသ ၄ အဖွဲ့အစည်းကရော ငြိမ်းချမ်းရေးကို ထိန်းသိမ်းတယ် ကြိုးပမ်းပြီးတော့ ဆောင်ရွက်တယ်။ အပြန်အလှန်လည်း ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့တယ် ဆိုတဲ့ဒီရလာဒ်တွေကြောင့်မို့လို့ ပြန်လည်ပြီးတော့ တိုက်ပွဲတွေ မဖြစ်ကြဘူးလို့တော့ ကျနော်တို့က ယုံကြည်တာပေါ့” ဟု ပြောသည်။

၎င်းအဖွဲ့ ၂ ဖွဲ့သည် ယခင် စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်တွင် အပစ်ရပ် စာချုပ် ချုပ်ဆိုထားသည့် အဖွဲ့များဖြစ်ပြီး အပစ်ရပ်စဲပြီးနောက် တစ်ကြိမ်တစ်ခါမှ ပစ်ခတ်တိုက်မှု ပြန်လည်ဖြစ်ပွားခဲ့ခြင်းမရှိဟု သိရသည်။

အခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့သည် အစိုးရနှင့် အပစ်ရပ်ပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကာ အပစ်ရပ်စာချုပ်မှာလည်း ပျက်ပြယ်သွားခဲ့ကြသည်။

KIO နှင့် MNDAA အပစ်အခတ်ရပ်စဲရေး ပျက်ပြားရခြင်းမှာ ထိုအချိန်က မြန်မာအစိုးရ၏ နယ်ခြားစောင့် တပ်အဖြစ်ပြောင်းလဲရန် တောင်းဆိုချက်ကို လက်မခံခဲ့သည့် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အတူ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့မှာ အစိုးရတပ်နှင့် တိုက်ပွဲများ ရံဖန်ရံခါ ပြန်လည်ဖြစ်ပွားခဲ့သည်။

အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အပစ်ရပ်စဲထားသော်လည်း ပစ်ခတ်တိုက်ခိုက်မှု ပြန်လည်ဖြစ်ပွားသည်မှာ မူဝါဒများလွဲမှားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပဒိုမန်းငြိမ်းမောင်က ပြောသည်။

“နောက်တစ်ခုကတော့ နှစ်ဦး နှစ်ဖက်မှာ ယုံကြည်မှု မတည်ဆောက်နိုင်လို့ ဒါကြောင့် ပြဿနာ ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းနိုင်တာပေါ့။”

အပစ်ရပ်ပြီးနောက် အစိုးရမှ ရှမ်းပြည်နယ်ရှိ မိုင်းလား၊ နားပန်း၊ ဆီလူး ဒေသများကို အထူးဒေသ ၄ PSC/NDAA မိုင်းလားအဖွဲ့ ၏ အုပ်ချုပ်ရာဒေသအဖြစ် သတ်မှတ်ပေးခဲ့သည်။

ထို့အပြင် အထူးဒေသ ၂ ‘ဝ’ UWSP/UWSA ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကိုလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေ ခံဥပဒေ အခန်း ၂ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အပိုဒ် ၅၆ (စ) တွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး သတ်မှတ်ပေးထား သည်။

လက်ရှိတွင် အထူးဒေသ (၂) UWSP/UWSA “ဝ” က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ “ဝ” ပြည်နယ်အဖြစ် သတ် မှတ်ပေးရန် အစိုးရအား တောင်းဆို နေသကဲ့သို့ အထူးဒေသ (၄) PSC/NDAA မိုင်းလားကလည်း အထူးဒေသမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိအောင် ကြိုးစားသွားမည်ဟု ပြောဆိုထားကြသည်။

၀ နှင့် မိုင်းလားဒေသများနှင့် အတူ မြန်မာစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် အများအပြားနှင့် ၁၉၉၀ ခုနှစ်များအတွင်းက အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေး ပြဿနာများကို ယနေ့တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

UWSP/UWSA “ဝ” နှင့် PSC/NDAA မိုင်းလားတို့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များ ဖြစ်သည်။