သက်ငယ်မုဒိန်း အဖြစ်မှန်ပေါ်ရေး မော်လမြိုင်တွင် လူထောင်နှင့်ချီ ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်။

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် Victoria အမှုအပါအဝင် သက်ငယ်မုဒိန်းမှုများ တရားမျှတမှုရရှိရေး ဇူလိုင်လ ၁၃ ရက်နေ့က မော်လမြိုင်မြို့ပေါ်တွင် လူထောင်နှင့်ချီ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများက သက်ငယ်မုဒိန်းပပျောက်ရေး၊ Victoria အတွက် တရားမျှတမှုရှာဖွေပေးရေး၊ ကလေးသူငယ်များအတွက် လုံခြုံသည့် ပတ်ဝန်းကျင် ဖန်တီးပေးရေး၊ နောက်ထပ် Victoria များအတွက် အလိုမရှိ စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

NMG1

ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သည့် မနွယ်နီစိုးက “ကျမတို့ ဒီလှုပ်ရှားမှုလုပ်တာ Victoria တစ်ဦးအတွက်မဟုတ်ဘူး၊ လူမသိ သူမသိ ဖြစ်သွားတဲ့ကိစ္စမှာ ပုံစံအမျိုးမျိုးနဲ့ ပျောက်သွားတာတွေအများကြီး ရှိပါတယ်၊ ဒါတွေပပျောက်သွားအောင်လို့ ဒီလှုပ်ရှားမှု လုပ်တာပါ” ဟု ပြောသည်။

ကလေးငယ်များ လွတ်လပ်စွာရှင်သန်နိုင်ရေးအတွက် တရားဥပဒေစိုးရိမ်းရေးကို အာဏာပိုင်များအနေဖြင့် အလေးထား ဆောင်ရွက်ပေးစေလိုသည်ဟု မနွယ်နီစိုးက ဆက်ပြောသည်။

NMG2

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းအတွင်း အသက်သုံးနှစ်အရွယ်ခန့်ရှိ Victoria ဟု အမည်ပေးထားသည့် ကလေးငယ်တစ်ဦး သက်ငယ်မုဒိန်း ကျူးလွန်ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းဖြစ်စဉ် နောက်ပိုင်း အကျူးလွန်ခံရသည့် ကလေးငယ်အတွက် အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတမှု ရရှိ ရေးနှင့် သက်ငယ်မုဒိန်းကျူးလွန်သူများကို ထိရောက်ပြင်းထန်သည့် အပြစ်ဒဏ်ပေးအရေးယူရန် သက်ငယ်မုဒိန်းကို ဆန့်ကျင်သည့် လူထုများက မြို့အသီးသီးတွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ ကြသည်။

NMG3

မော်လမြိုင်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ပါဝင်သူ ကိုဥာဏ်လင်းထက်ကလည်း “ဥပဒေစိုးမိုးမှုနဲ့အတူ တရားဥ ပဒေမျှတမှုလည်း ရှိရမှာဖြစ်တယ် ပြစ်မှုအပေါ် ပြစ်ဒဏ်ကိုလည်း ထိုက်သင့်စွာ ပေးဖို့လိုအပ်တယ်” ဟုပြောသည်။

Victoria အမှုနှင့် ပတ်သက်၍ ကားဒရိုင်ဘာ အောင်ကြီးကို သက်ဆိုင်ရာ အာဏာပိုင်များက ကျူးလွန်သူ တရားခံအဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်သော်လည်း ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ မြို့တော်တော်များတွင် အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတသည့် တရားစီရင်ရေး ရရှိရန် ဇူလိုင်လ လ ဆန်းပိုင်းမှစတင်ကာ နိုင်ငံတ၀န်းရှိ လူထုများက အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော် တောင်းဆိုနေကြသည်။

NMG4

ယနေ့တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲကို မွန်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် CSOs အဖွဲ့အသီးသီး အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ မော်လမြိုင် မြို့သူ/သားများ၊ သက်ငယ်မုဒိန်းနှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားနေသူများ စုစုပေါင်း လူအင်အား ၁၀၀၀ ကျော် ပါဝင်ခဲ့ကြသည်။