ဗန်းမော်ရေဘေး ဒုက္ခသည်များ အစားအသောက် အရေးပေါ်လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၆ ရက်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ဒေသခံများ ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရပြီး အရေးပေါ် အစားအသောက်နှင့် အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများ က ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်ကာ ဧရာဝတီမြစ်ရေ လျှံလာသည့်အတွက် ဗန်းမော်မြို့အတွင်းရေ ရပ်ကွက် ၄ ခု ခန့် ရေဘေးသင့်နေရသည်ဟု ဒေသခံများက ပြောသည်။ ဒီကနေ့အချိန်ထိ ရေကျသွားခြင်းမရှိသေးဘူးဟုလည်း ပြောသည်။

ဗန်းမော်ဒေသခံတစ်ဦး ဖြစ်သည့် ဦးတူးရိန် က “ဧရာဝတီမြစ်ရေတက်လာလို့ အခုလို ရေလွှမ်းကုန်တာပါ။ အခုက အရေးတကြီးလိုတာက အစားသောက်ပဲလိုတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်လည်း စိုးရိမ်ရတာပေါ့နော်။ ရေတွေက အိမ်တွေထဲမှာ ရောက်နေတာ အခုက” ဟု ပြောသည်။

ဗန်းမော်မြို့အတွင်းမှ ရပ်ကွက်များဖြစ်ကြသည့် ခွန်သာ၊ တပ်ကလေး၊ ဆင်ကုန်း၊ မဟာဒီး၊ တရုတ်တန်း စသည့် ရပ်ကွက်များမှာ ဒီနေ့အချိန်ထိ နေအိမ်များအတွင်း ရေများ ရှိနေစဲဖြစ်ကာ အများစုမှ ရပ်ကွက်အလိုက် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံလျှက်ရှိသည်ဟု သိရသည်။

ဗန်းမော်မြို့ ဧရာဝတီမြစ်ရေ ဆက်တက်နေပြီး မြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဗန်းမော်မြို့မှ ကိုလအောင်ကလည်း “ဆင်ကုန်းနဲ့ မဟာဒီးတို့ဆိုရင် အစားအသောက်တောင် မရဘူး။ ကိုယ့် အစီအစဉ်နဲ့ကိုယ် ရေဘေးလွှတ်ရာကို ပြေးရတာ။ ခွန်သာ၊ တပ်ကလေးတို့ဘက်ကျတော့ တချို့က အိမ်အမြင့် ဆိုရင် အိမ်အပေါ်မှာနေတယ်။ တချို့က ဘုန်းကြီးကျောင်းတွေမှာနေကြတယ်။ သူတို့တော့ ထမင်းထုတ်တွေ ဘာတွေရတယ်။ ဒီမှာက တခြား ဘယ်သူကမှတော့ လာကူညီတာတော့မရှိဘူး။ အစိုးရက အစားသောက် ထမင်းထုတ်တို့ နည်းနည်းပါးပါးကူညီတယ်။ အကုန်လုံးတော့ မရလောက်ဘူး” ဟု ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့(ယနေ့) ညနေ လေးနာရီခွဲအချိန်ထိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာန၏ တိုင်းတာချက်အရ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုသည် ၁၂၂၀ စင်တီမီတာရှိနေပြီး စိုးရိမ်ရေ အမှတ် ၁၁၅၀ စင်တီမီတာကို ကျော်နေသည်။

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဗန်းမော်၊ ရွှေကူ၊ ကသာ နှင့် သပိတ်ကျင်းမြို့များသည် သတ်မှတ်ထားသည့် စိုးရိမ်ရေ အမှတ်ထက်မြှင့်တက်လျှက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာန၏ ယနေ့တိုင်းတက်ချက်များနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအရသိရသည်။

ဇူလိုင်လ ၁၂ မြစ်ကြီးနားမြို့တွင်လည်း ဧရာဝတီမြစ်ရေ မြင့်တက်မှုသည် ၁၂၀၅ စင်တီမီတာ အထိမြှင့်တက်သွားပြီး စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာကို ကျော်သွားခဲ့သည်။ မြစ်ကြီးနားတွင် မြစ်ရေကျသွားခဲ့ပြီး မြစ်အောက်ပိုင်းဖြစ်သည့် ဗန်းမော်တွင် ရေတက်လာခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင်လည်း ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများ အစားအသောက်နှင့် အရေးပေါ်အကူအညီများ လိုအပ်နေသည်။

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့အတွင် ရေကြီးရေလျှံမှုတွေကြုံနေရပြီး ရေဘေးဒုက္ခသည် နှစ်သောင်းကျော်ရှိနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတွေက သတင်းမီဒီယာများတွင် ပြောဆိုထားသည်။