ရခိုင် စစ်ရှောင်စခန်းများ ရေနစ်မြုပ်၊ အကူအညီများအရေးပေါ် လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် စစ်ရှောင်စခန်းနှစ်ခု ရေနစ်မြှုပ်ခဲ့ရပြီး စခန်းတစ်ခုမှာ လုံးဝပျက်စီးသွားသည့်အတွက် တဲများပြန်လည်ဆောက်လုပ်ရန် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများနှင့် ဒုက္ခသည်များအား ကူညီပေးနေသည့် အဖွဲ့အစည်းများက ပြောသည်။

မြောက်ဦးမြို့အတွင်းရှိ စင်းဘော်ကိုင်း စစ်ရှောင်စခန်းတွင် ရေကြီးရေလျံမှုကြောင့် အိမ်ခြေ ၄၆၀ ခန့် ပျက်စီးသွားပြီး လူဦးရေ ၃၀၀၀ ကျော်အတွက် ခိုလှုံရေးအဆောက်အဦးများ ပြန်လည်ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေသည်ဟု မြောက်ဦးဒေသခံလည်းဖြစ် အရေးပေါ်အကူအညီပေးရေးအဖွဲ့ကလည်းဖြစ်သည့် ကိုဇော်ထွန်း က ပြောသည်။

“စင်းဘော်ကိုင်းကတော့ အကုန်လုံး ပျက်စီးသွားပြီ။ သူတို့နောက်တစ်နေရာမှာ အဆောက်အဦ ပြန်ဆောက် နေရမယ်။ တချို့ကတော့ သူတို့ မှာ ရှိထားတဲ့ ဝါးတွေနဲ့ ပြန်ဆောက်ဖို့လုပ်နေတယ်။ အများစုကတော့ ဘာမှ မရှိတော့ ပြန် မဆောက်နိုင်သေးဘူး။ သစ် ဝါး နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ လှူမယ့်လူမရှိသေးတော့ မဆောက်ရ သေးဘူးပေါ့။ အစပထမဆောက်ထားတာလည်း ဝါးနဲ့ ဆောက်ထားတာ။ အခုက အားလုံးရေပေါ်မှာ မျောကုန်တယ်၊ ပျက်ဆီးကုန်တယ်ဆိုတော့ အဆောက်အဦ ဆောက်ဖို့အတွက် ဝါးရယ်၊ အမိုးအကာတွေလိုတာပေါ့။” ဟု ကိုဇော်ထွန်းက ပြောသည်။

စင်းဘော်ကိုင်း စစ်ရှောင်စခန်းတွင် အိမ်ထောင်စု (၆၈၀) ကျော်ရှိပြီး လူဦးရေ ၃၃၉၈ ဦး ရှိသည်။ ယခုရေကြီး ရေလျံှမှုကြောင့် အိမ်ခြေ (၄၆၀) ခန့် ပျက်ဆီးသွားသည်ဟု အကူအညီပေးရေး အဖွဲ့များက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း က “နောက်တစ်ခုက စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးလည်း ချောင်းဆိုး၊ နှာစေး၊ တုတ်ကွေးပုံစံတွေဖြစ်နေတယ်။ အရေအတွက်တော့ အတိအကျ မသိသေးဘူး။” ဟု ပြောသည်။

ယာယီတဲများ ပြန်လည်ဆောက်လုပ်ရန်အတွက် ဝါး၊ တာလပတ်စ၊ အကာများနှင့် ဆောက်လုပ်ရေး ပစ္စည်းများလိုအပ်နေလျှက်ရှိပြီး ဆန်နှင့် စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေသည်ဟု ပြောသည်။

မြောက်ဦးမြို့အတွင်းရှိ စင်းဘော်ကိုင်း စစ်ရှောင်စခန်းနှင့် တိမ်ညိုစစ်ရှောင်စခန်းများထဲသို့ ဇူလိုင်လ ၁၁ ရက်နေ့ မှ စတင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၇ ရက်နေ့ (ယနေ့)တွင် ရေ အနည်းကျသွားပြီဖြစ်ရာ တိမ်ညိုစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်အချို့မှာ မိမိတို့နေထိုင်ရာ စစ်ရှောင်စခန်းသို့ ပြန်နေပြီဟု ကိုဇော်ထွန်းထွန်းက ဆက်ပြောသည်။

“တိမ်ညိုစခန်းမှာတော့ တဲတွေ ပျက်စီးဆုံးရှုံးမှုတွေ မရှိပေမယ့် ရေကျသွားတော့ နုန်းတွေတင်ခဲ့တာတွေရှိ တယ်။ လူသူတွေက စခန်းတွေကို ပြန်ဖို့ သန့်ရှင်းရေးတွေလုပ်နေကြတယ်။ ပစ္စည်းတွေ ရွှေ့နေကြတယ်။ လော လောဆယ် အကုန်လုံးရွှေ့ ပြောင်းနေထိုင်ဖို့တော့ အဆင်သင့်မဖြစ်သေးဘူး။ တိမ်ညိုက အိမ်ထောင်စု (၆၂၀)၊ လူဦးရေ (၂၅၂၅) ဦး ရှိတယ်။”

ဇူလိုင်လ ၁၁ ရက်နေ့ က စတင်ကာ မြောက်ဦးမြို့အတွင်း ရေကြီးရေလျှံမှုများကြောင့် စင်းဘော်ကိုင်း စစ်ရှောင် စခန်းမှ ဒုက္ခသည်များအား စခန်းအနောက်ဘက်ရှိ ဗောဓိကုန်းဆိုသည့် ဘုရားကုန်းပေါ်သို့ ပြောင်းရွှေ့ခဲ့ရပြီး တိမ်ညိုစစ်ရှောင်စခန်းမှ ဒုက္ခသည်များအားလည်း ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ ထားခဲ့ရခြင်းဖြစ်သည်။

မြောက်ဦးမြို့သည် လေးမြို့ မြစ်နှင့် ကုလားတန်မြစ် နှစ်ခုကြား၊ တစ်ဖက်ကို ၅ မိုင်ခန့် အကွာအဝေးတွင် တည်ရှိ သည့် မြို့ ဖြစ်သည်။ မြောက်ဦးမြို့အတွင်း ဇူလိုင်လ ဒုတိယအပတ်မှ စတင်ကာ မိုးများ ဆက်တိုက်ရွာသွင်းခဲ့ပြီးလေးမြို့မြစ်နှင့် ကုလားတန်မြစ်မှ မြစ်ရေများ လျှံတက်လာခြင်းဖြစ်သည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး နှင့် မင်းပြားမြို့နယ်များတွင် ဇူလိုင်လ ၁၁ ရက်နေ့မှစတင် ကာ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျံှမှုများကြောင့် လူပေါင်း (၉၄၈၉) ဦးရေဘေးသင့်ခဲ့သည်။ ထို့အပြင် လူနေအိမ် အလုံး (၃၀) ကျော်ပျက်စီးခဲ့ပြီး နွားအကောင်ရေ (၂၂) ကောင် သေဆုံးခဲ့ သည်ဟု စစ်တွေမြို့ ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သတင်း မီဒီယာတွေများအား ထုတ်ပြန်ပြောဆိုခဲ့သည်။

ကချင်၊ ရခိုင်၊ ချင်း စသည့် ပြည်နယ် (၃) ခုနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဇူလိုင်လ ဒုတိယ အပတ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒုက္ခသည် နှစ်သောင်းကျော်ရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူများက သတင်းမီဒီယာများတွင် ပြောဆိုထား သည်။