စစ်ရေယာဉ်များ ပစ်ခံရသည့် အနီးရှိ ကျေးရွာ မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့ နယ်၊ ကျောက်မှော်ပိုက်ဆိပ်ကမ်းကျေးရွာအား ဇူလိုင်လ ၂၃ ရက်နေ့ (ယမန်နေ့) နံနက်ပိုင်းက နေအိမ်များ မီးရှို့ခံလိုက်ရသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။

“ဒီနေ့ မနက် ၇ နာရီကျော်ကျော်၊ ၈ နာရီဝန်းကျင်လောက်ပေါ့။ ကျနော်တို့ကတော့ အဲ့မှာမရှိတော့ဘူး။ အိမ်တွေမီးရှို့ခံနေရာတာ အဝေးကနေ မြင်နေရတယ်။ ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကတည်းက အဲ့ကနေ ကျနော်တို့ကထွက်လာပြီ။ ရေတပ်သင်္ဘောပစ်ခံရတဲ့နေ့ကတည်းကပေါ့။ ခပ်လှမ်းလှမ်းမှာနေနေကြတာ အားလုံးက။ အဲ့ဒီကျောက်မှော်ပိုက်ဆိပ်က ကျနော်တို့ ငါးဖမ်းတဲ့နေရာပါ။ ငါးလှေတွေ၊တဲတွေ၊ ငါးဖမ်းပိုက်တွေ အဲ့မှာရှိတယ်”ဟု ဒေသခံတစ်ဦးက ယမန်နေ့က ပြောသည်။

မီးရှို့ခံရသည့်နေရာသည် ပြီးခဲ့သည့် ၅ ရက်ခန့်က က တပ်မတော်၏ ရေတပ်သင်္ဘောနှစ်စီးအား ရက္ခိုင့် တပ်တော် AA က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာဖြစ်သည် ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“အဲ့ဒီကျောက်မှော်ပိုက်ဆိပ်ဆိုတောက ပြီးခဲ့တဲ့ ၁၉ ရက်နေ့က တပ်မတော်ရေယာဉ်ကို ဒုံးကျည်နဲ့ ပစ်ခဲ့တဲ့နေရာပေါ့။ အဲ့ဒီနေရာကို မနေ့ကမနက်က တပ်မတော်စစ်ကြောင်းတွေ ရောက်သွားတယ်။ ပြီးတော့ဒီနေ့မနက်မှာ မီးလောင်တာပေါ့ဗျာ။ ဆိုလိုတာကတော့ ကျနော်တို့ကတော့ မြေပြင်သတင်းကို ဘယ်သူရှို့ဘာတယ်ဆိုတာတော့ အတိအကျမရဘူးပေါ့ဗျာ။”

ကျောက်မှော်ပိုက်ဆိပ်ကမ်းကျေးရွာအား မည်သည့်အဖွဲ့အစည်း၊ မည်သူမည်ဝါက မီးရိ့သွားသည်ကို အတည်ပြုရန်ခက်ခဲသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များကပြောသည်။ သို့သော်လည်း အဆိုပါ ကျေးရွာရှိ အိမ်များ မီးရှို့ခံလိုက်ရသည်ကို အဝေးမှ လှမ်းမြင်နေရသည့်အတွက် မီးရှို့ ခံရကြောင်းကိုတော့ အတည်ပြုပြောနိုင်သည်ဟု ပြောသည်။

“ဒါပေမယ့် ဖြစ်စဉ်ကတော့ အဲ့လိုမျိုးရှိပါတယ်။ မီးလောင်တယ် မီးရှို့ခံရမှု ဖြစ်စဉ်တော့ ဖြစ်သွားတယ်ပေါ့ဗျာ။ ဒါကတော့ မနက်ပိုင်းက ဖြစ်တာပေါ့။ ကျေးတောရွာ ပေါင်းတောင်ရွာ အဲ့လိုရွာက လူတွေလာပြီး ငါးဖမ်းပိုက်ချရင်း ရွာလေးတစ်ခုဖြစ်သွားတာပေါ့နော်။ မြစ်ကမ်းနားကျတယ်။ တံငါရွာပေါ့၊ ပိုက်တွေဘာတွေချရင်း ငါးဖမ်း ရင်းနဲ့ ရွာလေးဖြစ်သွားတာပါ။ အခုအဲ့ကတဲတွေ မီးရှို့ခံရတာ” ဟု ဦးဖေသန်း က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အဓိကကတော့ ပထမဦးဆုံး ကျနော်ပြောချင်တာက အဲဒီသတင်းတွေကို ကျနော်တို့ သတင်းစာရှင်းလင်းပွဲ မလာခင်မှာတင် ဘီဘီစီ မြန်မာပိုင်းကလား မသိဘူး။ ကျနော်ကို လှမ်းမေးပါတယ်။ လှမ်းမေးတော့ ကျနော်ဒါနဲ့ပတ်သက်ပြီးတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လှမ်းမေးကြည့်တဲ့ အခါမှာ အဲဒီနေရာတော့ မီးရှို့တာမရှိဘူး။ မီးရှို့တာမရှိပါဘူး။ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတာတော့ ရှိပါတယ်” ဟု ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့ (ယနေ့) နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်း လင်းပွဲတွင် သတင်းထောက်များ မေးမြန်းချက်အား ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကျောက်မှော်ပိုက်ဆိပ်ကမ်းကျေးရွာမီးရှို့ခံရမှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် အနီးအနားရှိ ကျေးတောကျေးရွာထဲသို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက် လာသည့်အတွက် ကျေးရွာသားများလည်း ကြောက်လန့်ကာထွက်ပြေး တိမ်းရှောင်နေကြသည်ဟု ဆက်ပြော သည်။

ဦးဖေသန်းက “ဒီနေ့ နေ့လည်ပိုင်းမှာကတော့ အဲ့ဒီတပ်မတော်စစ်ကြောင်းတွေက အဲ့နားကကျေးတောရွာကို ဝင်လာတယ်။ သူတို့ကတော့ တစ်ရွာပြီးတစ်ရွာ ရှင်းလင်းမှုတွေတော့ လုပ်လာတာပေါ့။ သူတို့ကျေးတောရွာကို ဝင်လာတော့ ကျေးတောရွာကလူတွေလည်း မရှိသလောက်ကို ဖြစ်သွားပြီ။ အကုန်လုံးကမ်းထောင်းကြီးရွာဘက်ကို ပြေးကြတာပေါ့ဗျာ။ အဲ့ဒီဒေသမှာ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပြီး ဒီနေ့အထိ တပ်မတော်စစ်ကြောင်း လှုပ်ရှားမှုတွေ လုပ်နေတယ်။ အဲ့ဒီမှာ ကျေးရွာသားတွေ ထွက်ပြေးနေရာတာတွေ ရှိတယ်” ဟု ပြောသည်။

မြေပုံမြို့နယ်နှင့် အမ်းမြို့ နယ်အစပ်၊ တောင်ဆိပ်မြစ်အတွင်းရှိ တပ်မတော်ရေယာဉ် ၂ စင်းကို AA က ဇူလို်င်လ ၁၉ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အနီးအနားရှိ ပေါက်တူးတောင်ကျေးရွာ၊ ကျေးတော ကျေးရွာ၊ ရေခေါင်းချိန်ကျေးရွာများထဲသို့ တပ်မတော် စစ်ကြောင်းမှာ ဝင်ရောက်နေရာယူခဲ့သည့်အတွက် ရွာသားများထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂၁ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်းရှိ တပ်မတော်ပိုင် စစ်ရေယာဉ် ၃ စင်းကို AA ဘက်ပစ်ခတ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။