မြောက်ဦး ပစ်ခတ်မှု အရပ်သား တစ်ဦး ဦးခေါင်းထိမှန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဇူလိုင်လ ၂၃ ရက်နေ့ (ယမန်နေ့)တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးခဲ့ပြီး ဒေသခံတစ်ဦး ဦးခေါင်းကျည်ဆံထိမှန်ကာ ဆေးရုံပို့ထားရသည်။

“တိမ်ညိုဆိုတဲ့ရွာမှာပေါ့နော် အဲ့ဒီရွာမှာ အခြေချပြီးနေတဲ့ တပ်ရင်းကလက်နက်ကြီးတွေနဲ့ သေနတ်တွေနဲ့ လှမ်းပြီးပစ်တာပေါ့။ အဲ့ဒီအချိန်မှာ တောင်မြင့်ဆိုတဲ့ရွာက လူတစ်ယောက် ဦးခေါင်းကိုကျည်ဆံထိမှန်ပြီး မြောက်ဦး ဆေးရုံကိုအရေးပေါ်လူနာအဖြစ်နဲ့ ထပ်ရောက်လာပါတယ်။ ဒီတောင်မြင့်ကလာတဲ့လူဆိုရင် လှေကလေးနဲ့လာတာ၊ အဲ့ဒါကိုထိသွားတာပေါ့” ဟု မြောက်ဦးဒေသခံ တစ်ဦးက ပြောသည်။

တောင်မြင့်ကျေးရွာမှ ဒေသခံရွာသား လေးဦးသည် ကြာကံကျေးရွာသို့ စက်လှေဖြင့်သွားစဉ်၊ တိမ်ညိုကျေးရွာ နား အရောက်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါဒေသခံကပြောသည်။

ပစ်ခတ်ခံရသူမှာ တောင်မြင့်ကျေးရွာမှ အသက် (၂၂) အရွယ်ရှိ မောင်သန်းထွန်းဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရပြီး ယခုခါ မြောက်ဦးဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသည်ဟု ပြောသည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ဒီနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခများအတွင်း အရပ်သားပြည်သူ ၆၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရသူ ၁၆၀ ကျော်ရှိပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ပြောသည်။

“မြောက်ဦးဘက်မှာတော့ တိုက်ပွဲက နာရီဝက်လောက်ဖြစ်တယ်လို့ သိရတယ်။ အဲ့မှာဒေသခံတစ်ဦးလည်း ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး ဆေးရုံပို့ထားရတယ်။ အခုမြောက်ဦးဆေးရုံမှာ၊ ခေါင်းမှာထိတယ်ဆိုတော့ အခြေအနေက မကောင်းဘူးပေါ့။ ဒီကြားထဲ ရခိုင်ပြည်နယ်က တိုက်ပွဲတွေထဲမှာ ခန့်မှန်းခြေဒေသခံပြည်သူ ၁၆၀ ဝန်း ကျင်လောက် ထိခိုက်ဒဏ်ရာရတယ်။ အတိအကျတော့ မဟုတ်ဘူး။ အနီးစပ်ဆုံးပေါ့” ဟု ရခိုင်တိုင်းရင်းသားမျိုး နွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း က ပြောသည်။

“တိုက်ပွဲတွေကြားထဲမှာ ဇန်နဝါရီလကနေ ဒီနေ့အချိန်ထိပေါ့ ဒီကြားထဲမှာ ရခိုင်နဲ့ရခိုင်တိုင်းရင်းသားမျိုးနွယ်ပဲပါတယ်၊ စာရင်းကောက်ထားတဲ့စာရင်းအရ သေဆုံးတာကြီးပဲ အကုန်လုံးဆို ၆၂ ယောက်ရှိပါပြီ။ အသက်ဆုံးရှုံးရတာ။ အများအားဖြင့် တပ်သားတွေက ဖမ်းဆီးပြီးစစ်ဆေးရင်း သေဆုံးတာရှိတယ်။ မိုင်းနင်းပြီးသေတာ၊ နောက်တစ်ခါ တိုက်ပွဲဖြစ်တဲ့အခါ ကြားမှာညှပ်ပြီးတော့ သေဆုံးတာရှိတယ်။ ကျေးရွာတွေမှာ လက်နက်ကြီးတွေကျပြီး သေဆုံးတာတွေရှိတယ်”

မြောက်ဦးမြို့နယ်အတွင်းရှိ လက္ကာကျေးရွာအနီးတွင်လည်း ယနေ့နံနက်ပိုင်းက သေနတ်သံများ၊ ပစ်ခတ်သံများ၊ မိုင်းကွဲမှုများ ရှိခဲ့သည်ဟု မြောက်ဦးမြို့က အရေးပေါ်ကူညီရေးအဖွဲ့ ကိုဇော်ထွန်းက ပြောသည်။

“ဒီမြောက်ဦးမြို့ကနေ ၇ မိုင်လောက်အကွာ လက္ကာဆိုတဲ့ရွာနဲ့ ဗူးရွက်မညှိုး ဆိုတဲ့ရွာနားမှာ၊ ဒီရန်ကုန်-စစ်တွေ လမ်းမကြီးပေါ်မှာပဲ ပစ်ခတ်သံတွေကြားရတယ်တဲ့။ အဲ့ကရွာသားတွေ အသိတွေက ဖုန်းဆက်ပြီး ပြောပြကြတယ်။ အဲ့ဘက်ကလာတဲ့ကားတွေကလည်းပြောပြတာက မိုင်းကွဲတယ်၊ သူတို့တွေ့ခဲ့တာက မိုင်းကွဲထားတဲ့ နေရာနှစ်ခုတွေ့တယ်။”

ယနေ့ မြောက်ဦးမြို့အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးနှင့် ရက္ခိုင့်တပ်တော် (AA) တို့အား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ အမ်းနှင့် မြေပုံ မြို့နယ်တို့တွင် တပ်မတော်နှင့် ရက္ခိုင့် တပ်တော် AA တို့ကြားက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။