တပ်မတော်က အရေးယူမှုများကို ဥပဒေနှင့် အညီ ပြုလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်နှင့်ဒေသခံများက ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ဒေသခံများကို ဖမ်းဆီးစစ်ဆေးရာတွင် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် လက်ရှိတည်ဆဲ ဥပဒေများကို လိုက်နာကျင့်သုံးရန်လိုသည်ဟု ဒေသအတွင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက ပြောသည်။

“အဓိက ဒီတရားဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ တည်ဆဲဥပဒေမှာလည်း အဲလိုအရမ်းကာရော ဖမ်းတာတို့ နှိပ်စက်မေးတာတို့ ခြိမ်းခြောက်တာတို့ အဲလိုသတ်မှတ်ထားတဲ့ အချိန်ကာလထက်ပိုပြီးတော့ ဖမ်းချုပ်ထားတာတို့ အဲလိုခွင့်မပေးထားဘူးလေ။ ဒီတရားဥပဒေ လေးစားရင်တော့ အဲဒီဘောင်ထဲမှာပဲ စစ်ဆေးတာ ဖမ်းဆီးတာ အဲဒါမျိုးတွေ လုပ်သင့်ပါတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် ရသေ့တောင်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“မဟုတ်ရင်လူတွေက အကြောက်တရား စိုးမိုးသွားပြီးတာ့လေ ဒေသမတည်မှာ ငြိမ်ဖြစ်မှာစိုးတယ်။ ကျီးလန့်စာ စားဘ၀နေရတာတွေ များလာတယ်။ အဓိကတရားဥပဒေ စိုးမိုးရေးကို မျှမျှတတ လေးစားဖို့လိုတယ်။”

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပုဏ္ဏားကျွန်းက ဒေသခံလူငယ် ၁၀ ဦးနှင့် ကားမောင်းသူတစ်ဦး စုစုပေါင်း ၁၁ ဦးကို ရက္ခိုင့်တပ်တော် AA နှင့် ဆက်နွယ်သည်ဟုဆိုကာ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ထိုဖမ်းဆီးခံရသူများထဲတွင် ရက္ခိုင့်တပ်တော် AA ထဲသို့ ၀င်ရောက်မည့် လူငယ် ၈ ဦး ပါဝင်သည်ဟု စစ်ဆေးတွေ့ရှိရသည့်အတွက် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူနိုင်ရန် ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းတွင် စစ်ဆေးနေသည် ဟု ဇူလိုင်လ ၂၈ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

သံသယရှိသူတိုင်းကို ဖမ်းဆီးစစ်ဆေးရန် လက်ရှိဥပဒေက ခွင့်ပြုမထားကြောင်း၊ တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်ရာတွင်လည်း တည်ဆဲဥပဒေအတိုင်း မျှတစွာလုပ်ဆောင်မှသာ နယ်မြေတည်ငြိမ်မှုကို ရရှိမည်ဟု ဦးခင်မောင်လတ်က ဆက်ပြောသည်။

“သံသယရှိတယ်ဆိုတိုင်း ဆွဲဖမ်းလို့က မရဘူးလေ။ သူ့မှာအကြောင်းအရာ ခိုင်လုံဖို့လိုတယ်။ ဥပဒေကထင်တိုင်း ဖမ်းပေးလိုက် ပြဌာန်းမထားဘူး။ ဒါမျိုးက တရားခံက ရှာတာကတစ်ယောက် ဖမ်းတာရမ်းသမ်းပစ်တာကဆယ်ယောက် အဲဒါမျိုးမဖြစ်ဖို့လိုတယ်။”

ရခိုင်ပြည်နယ်အတွင်းတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံများကို အာဏာပိုင်များက ရက္ခိုင့်တပ် တော် AA နှင့် ပတ်သက် ဆက်နွယ်မှုရှိသည့် စွပ်စွဲချက်အပြင် အကြမ်းဖက်လုပ် ဆောင်သူများဆိုသည့် ပြောဆိုချက်ဖြင့် ဆက်တိုက်ဆိုသလို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ အနေအထားအရ တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းမရှိသည့်အတွက် ဒေသခံများမှာ အားကိုးရာမဲ့ဖြစ်လာသည့် အခြေအနေသို့ ရောက်ရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“အခုက တပ်မတော်ဘက်က ဆောင်ရွက်ချက်တွေကို ကြည့်လိုက်မယ်ဆိုရင် အရမ်းကို ဥပဒေမဲ့ အထိန်းအကွပ်မဲ့ အကြမ်းပတမ်းနိုင်လွန်းတဲ့ အနေအထားပေါ့လေနော်။ ဒီရက်ပိုင်းမှာကိုပဲ ပစ်ခတ်ခံရတာ နှစ်ယောက်ရှိပြီ။ တစ်ယောက်ကဆုံးသွားပြီ။ တစ်ယောက်ကတော့ ဆေးရုံပေါ်မှာ။ နောက်ပြီး ရွာတွေကို မီးရှို့တာတွေလည်းရှိတယ်။ ဥပဒေမဲ့လုပ်နေတာကို အစိုးရကလည်း ဘာမှမပြောဘူး။ နိုင်ငံတကာကလည်း အပြောပဲရှိနေတာပေါ့လေ၊ ဘာမှလုပ်တာမရှိဘူး။ ဒီလိုဥပဒေမဲ့ လက်လွတ်စပယ်ဖြစ်နေတဲ့ အနေအထားပေါ်မှာ ထိန်းကျောင်းမဲ့ပုံစံ မျိုး ဖြစ်နေတော့ ဒေသခံတွေက အားကိုးရာမဲ့ပုံစံမျိုး ခံစားနေရပါတယ်။”

မကြာသေးမီက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူငယ် ၁၀ ဦးထဲမှ တစ်ဦးဖြစ်သူ ကိုနေလင်းထွန်း၏ ဦးလေးက “အဲဒီကိစ္စနဲ့ ပတ်သက်လို့တော့ AA နဲ့ အဲဒီကလေးတွေနဲ့ ဘာမှဆက်စပ်မှု မရှိတော့ သူတို့ပတ်ဝန်းကျင်မှာလည်း ဘာမှအဆက်အစပ်မရှိတော့ဘူး။ အဲဒီကလေးလေးဟာနေပြီးတော့ ဘာမှနားမလည်တာဖြစ်တယ်။ အဲဒီကလေးတွေမှာ ဘာမှအပြစ်မရှိတဲ့အတွက် မိဘတွေရဲ့ ရင်ခွင်အောက်ကိုတော့ ရောက်စေချင်တာပေါ့ ကျောင်းပညာသင်နေဆဲဖြစ်လို့”ဟုပြောသည်။

ဇူလိုင်လ ၂၉ ရက်နေ့က ဖမ်းဆီးခံထားရသည့် လူငယ်များကို ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ယမန်ယူစဉ် ကိုနေလင်းထွန်းကို တွေ့ရှိခဲ့သော်လည်း စကားပြောခွင့်မရကြောင်း၊ သို့သော်ယနေ့တွင် မည်သည့်နေရာကို ရောက်နေသည်ကို စုံစမ်းသော်လည်း မသိရှိရသေးဟု ကိုနေလင်းထွန်း၏ ဦးလေးဖြစ်သူက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကလည်း “အဲ့ဒီထဲမှာအရမ်းငယ်တဲ့ ကလေးတွေပါတယ်ဗျာ။ ဆယ်ကျော်သက်ပေါ့၊ ဆိုတော့ဒီကလေးတွေက AA ဆီကို သွားဖို့ဆိုတာတော့ သိပ်တော့မထင်ဘူး။ ဒါပေမယ့်လည်းပဲ သံသယထားတဲ့အနေအထား သတင်းအမှားရရှိတဲ့ အနေအထား ဘာပဲဖြစ်ဖြစ်ပေါ့ ဒါမှဟုတ်ရင်လည်းပဲ အဲ့ဒီကားပေါ်မှာ တစ်ယောက်လား နှစ်ယောက်လား အဲ့လိုမျိုးပါတာမျိုးလား၊ အဲ့ဒါကို ကားမှာပါလာတဲ့လူအကုန်လုံးကို ဒီလိုမျိုးပဲဆိုပြီး သိမ်းကြုံးပြီးမှ ဖမ်းလိုက်သလားပေါ့”ဟုပြောသည်။

“အခုကပြဿနာ တစ်ခုခုဖြစ်လိုက်ရင် AA နဲ့ ပတ်သက်တယ်၊ ဒါမှမဟုတ်ရင် AA အဖွဲ့ဝင်ဖြစ်တယ် အဲ့လိုမျိုး စွပ်စွဲချက်တွေက အရမ်းများတော့ ကျနော်တို့လည်း တပ်မတော်က စွပ်စွဲချက်တွေကို အယုံအကြည်မရှိသလိုမျိုး ဖြစ်လာတယ်ပေါ့နော်။”

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် လဆန်းပိုင်းအထိ ရက္ခိုင့်တပ်မတော် AA နှင့် မြန်မာ့တပ်မတော်တို့အကြား နှစ်ဖက်ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခအတွင်း တပ်မတော်က AA အဖွဲ့ဝင်ဟု သံသယရှိသူ ၉၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လည်လွှတ်ပေးခဲ့သူ ၈ ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦးနှင့် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးသူ ၃ ဦးရှိသည် ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် AA နှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခအတွင်းတွင် ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ အကြောက်တရားကြီးစိုးလာခြင်း၊ လုပ်ကိုင်စားသောက်ရန်ခက်ခဲလာခြင်း၊ လွတ်လပ်မှုများဆုံးရှုံးလာသည့်အပြင် ကလေးငယ်များ၏ ပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများကို ဆက်တိုက်ဆိုလို ခံစားနေရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားနေသည့်အဖွဲ့များက ဆိုသည်။