UNFC လုပ်ငန်းအချို့ ယာယီ ရပ်ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃ ရက်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ရုံးပိုင်းဆိုင်ရာနှင့် ဌာနဆိုင်ရာ လုပ်ငန်းတစ်ချို့ကို ခေတ္တ ယာယီ ရပ်ဆိုင်းထားလိုက်သည်ဟု UNFC က ပြောသည်။

သြဂုတ်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သည့် UNFC ၏ အရေးအပေါ် ကောင်စီဝင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု UNFC ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

“အပြီးရပ်တာ မဟုတ်ဘူး ကျနော်တို့ လုပ်ငန်းတစ်ချို့ကို ဆိုင်းငံ့ထားတာပေါ့ဗျား။ ရုံးလုပ်ငန်းကိုလည်း ကျနော်တို့ ဆိုင်းငံ့ထားတယ် တစ်ချို့ဌာနတွေရဲ့ လုပ်ငန်းကိုလည်း ကျနော်တို့ ရပ်ဆိုင်းထားလိုက်တယ်။ ဒါပေမယ့် တစ်ချို့လုပ်ငန်းတွေကိုတော့ ကျနော်တို့ ဆက်လက်လုပ်သွားမယ်။ နောက်လိုအပ်ရင် လိုအပ်သလို ကျနော်တု့ိ ဆက်လက်ပြီးတော့မှ ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်သွားမယ်။”

ရုံးလုပ်ငန်းဆိုင်ရာ တစ်ချို့နှင့် ဌာနဆိုင်ရာတစ်ချို့ကို ခေတ္တ ယာယီရပ်ဆိုင်းလိုက်သော်လည်း တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ENAC) မှတစ်ဆင့် လုပ်ဆောင်စရာရှိသည့် လုပ်ငန်းများကို UNFC အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမည်ဟု နိုင်ဟံသာ က ဆက်ပြောသည်။

“တစ်ချို့ကတော့ လည်ပတ်နေအုံးမယ် တစ်ဖက်က ကျနော်တို့ အီးနက်ကနေပြီးမှ ကျနော်တို့ လိုအပ်တဲ့လုပ်ငန်းတွေကိုပေါ့နော ကျနော်တို့ အီးနက်ကနေတစ်ဆင့်လုပ်မယ် ဒါမှမဟုတ်ရင် ကျနော်တို့ကတော့ ကျနော်တို့ အချင်းချင်းလည်း လိုအပ်တဲ့ အခါမှာတော့ ပြန်လည် ခေါ်ယူညှိနှိုင်းတိုင်ပင်သွားမယ့် အခြေအနေတွေတော့ အဲလိုလုပ်ဆောင်သွားဖို့ပေါ့ဗျား အဲလိုရှိတယ်။”

လက်ရှိအနေအထားအရ အဖွဲ့အစည်းများကြားတွင် မတူညီသည့် အခြေအနေအရသော်လည်းကောင်း၊ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူညီသည့် မူဝါဒများကြောင့် တစ်စုတစ်စည်းထဲ ပူးပေါင်းလုပ်ဆောင်ရန် ခက်ခဲလာသည့်အတွက် ထို့သို့လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု UNFC က ပြောသည်။

“အဓိကကတော့ ခုနကျနော်ပြောသလို UNFC အဖွဲ့ဝင်တွေထဲမှာ အခြေအနေက မတူညီကြဘူးပေါ့ဗျား တစ်ချို့က NCA ကိုထိုးထားတယ် တစ်ချို့က မထိုးရသေးဘူး တစ်ချို့ကတော့ မြောက်ပိုင်းမဟာမိတ်နဲ့ လက်တွဲနေတယ်။ အဲလိုအခြေအနေကလည်း မတူဘူး။” ဟု နိုင်ဟံသာက ပြောသည်။ “နောက်ပြီးတော့ ငြိမ်းချမ်းရေး ညှိနှိုင်းတဲ့အခါမှာလည်း မတူကြဘူးပေါ့ဗျား။ ဥပမာ NCA ထိုးထားတဲ့ သူတွေကတော့ သွားပြီးတော့မှ ဆွေးနွေးနေလို့ အဲဒီအစီအစဉ် အတိုင်းပေါ့ဗျားနော။ အဲမှာ သွားဆွေးနွေးနေတယ်”

အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်းသည့်အခါတွင်လည်း UNFC အဖွဲ့ဝင်ဖြစ်သည့် NCA မထိုးထားသည့် အဖွဲ့များကလည်း ၎င်းတို့၏ မူဝါအတိုင်း လုပ်ဆောင်နေကြသည့် ဟု UNFC ဥက္ကဋ္ဌ ကပြောသည်။

“ကျန်တဲ့ အဖွဲ့တွေကတော့ မဆွေးနွေးဘူး နောက်မြောက်ပိုင်း မဟာမိတ်အင်အားစုတွေကလည်း သူတို့မြောက်ပိုင်း အင်အားစုတွေနဲ့ကြားမှာ ညှိနှိုင်းပြီးတော့မှ အဲဒီမူအရပဲ သူတို့ရပ်တည်နေရတယ်ဆိုတဲ့ အနေအထားမျိုးမှာ အဲလိုမတူကွဲပြားတဲ့ အနေအထားမျိုးပေါ့ဗျားနော ကျနော်တို့ကတော့ အားလုံးအရင်လို ခိုင်ခိုင်မာမာ တစ်စုတစ်စည်းထဲနဲ့ တစ်ပုံစံတည်းသွားဖို့က အခက်အခဲရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ ကနေ့အနေအထားမှာ တစ်ချို့ကိစ္စမှာတော့ အားလုံးအတူတူလုပ်လို့မရဘူး။ အဲဒါလည်း အပါအဝင်ပေါ့ဗျား။” ဟုနိုင်ဟံသာကပြောသည်။

၂ ရက်တာ ကျင်းပပြုလုပ်သည့် UNFC ၏ အရေးအပေါ် ကောင်စီဝင် အစည်းအဝေးသို့ ပထမရက်တွင် UNFC အဖွဲ့ဝင် ၄ ဖွဲ့ တက်ရောက်ခဲ့ပြီး ဒုတိယရက်တွင် ANC အဖွဲ့က တက်ရောက်ခြင်းမရှိပဲ ကျန် ၃ ဖွဲ့သာ တက်ရောက်ခဲ့သည်ဟု သိရသည်။ ရှမ်းပြည်တိုးတက် ရေးပါတီ SSPP/SSA က တက်ရောက်လာခြင်း မရှိပေ။

ညီညွှတ်သော လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ရခိုင်အမျိုးသားကောင်စီ ANC နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့ပါဝင်သည်။

အဖွဲ့ဝင် ၅ ဖွဲ့တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU တို့မှာ NCA စာချုပ် လက်မှတ်ရေးထိုးထားသည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှာ NCA လက်မှတ် ရေးထိုးနိုင်ရန် အစိုးရငြိမ်းချမ်းရး ကိုယ်စားလှယ်များနှင့် ညှိနှိုင်းနေဆဲဖြစ်သည်။ SSPP/SSA မှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်လည်းဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ကြသည်။