မွန်-ကရင် ရေဘေး ထောင်နှင့်ချီသော ဒေသခံများ ရွှေ့ပြောင်းရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့ နယ်အချို့ တို့တွင် မြစ်ရေမြှင့်တက်လာခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား လျက်ရှိကာ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး ဒေသခံ ထောင်နှင့်ချီ ပြောင်းရွှေ့ထားရသည်ဟု ဒေသခံများက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် သြဂုတ်လ ၅ ရက်နေ့မှစ၍ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံ၊ မြဝတီ၊ ကော့ဂရိတ်၊ လှိုင်းဘွဲ့၊ ဖာပွန်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မြစ်ရေများ မြှင့်တက်လာသည့်အတွက် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအချို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ တက်လာခြင်းကြောင့် သြဂုတ်လ ၆ ရက်နေ့ (ယနေ့) တွင် အိမ်ထောင်စု (၃၈၀) စု တို့မှ လူဦးရေ ၁၈၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း ၁၉ ခုသို့ ပြောင်းရွှေ့ထားရသည် ဟု ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောသည်။

“မနှစ်ကအခြေအနေကိုကြည့်ပြီး သွားလာရေးခက်ခဲတဲ့ ကျေးရွာအုပ်စု ၁၀ အုပ်စုကိုလည်း ကြိုပြီးတော့ ရိက္ခာထောက်ပံ့ထားတယ်၊ ရိက္ခာအတွက်ကတော့ ပြဿနာမရှိဘူး၊ မြို့ပေါ်ရပ်ကွက်တွေမှာလည်း ရိက္ခာထောက်ပံ့ ပေးဖို့စီစဉ်နေတယ်” ဟု ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ဘီးလင်းမြို့ နယ်အတွင်းက မြို့ ပေါ်ရပ်ကွက် ၄ ခု နှင့် ကျေးရွာ အုပ်စု ၆ ခု တို့တွင် ရေဝင်ခဲ့သည့်အတွက် သြဂုတ်လ ၅ ရက်နေ့(ယမန်နေ့) ညနေပိုင်းကစတင်ပြီး ဒေသခံများ ပြောင်းရွှေ့ခဲ့ကြရခြင်းဖြစ်သည်။

ကရင်ပြည်နယ်တွင် ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ လှိုင်းဘွဲ့ မြို့နယ်အတွင်းရှိ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ဇမိမြစ်တို့တွင် မြစ်ရေများ မြှင့်တက်လျက်ရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ကရင်ပြည်နယ် အတွင်း ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နှင့် လှိုင်းဘွဲ့မြို့နယ်တို့မှ ဒေသခံ ၂၀၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်း ၁၃ ခု တွင် ပြောင်းရွှေ့ ခိုလှုံနေကြရသည်။

“ဘားအံမြို့ ပေါ်မှာက အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နဲ့ ရပ်ကွက် ၅ ခုလောက်မှာ ရေဝင်လာနေတယ်၊ လူတွေကိုတော့ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့ထားကြတယ်၊ မိုးကလည်းရွာနေဆဲဆိုတော့ မြစ်ရေက ထပ်တက်လာဖို့ရှိတယ်” ဟု ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဘားအံဒေသခံ ဦးမိုးအောင်က ပြောသည်။

ရေကြီးရေလျှံမှုကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့ နယ်တွင် စာသင်ကျောင်း ၁၂ ကျောင်းနှင့် ကရင်ပြည်နယ်တွင် စာသင်ကျောင်း ၂၀ ကျောင်းကျော်တို့ကို သြဂုတ်လ ၆ ရက်နေ့မှ စတင်ပိတ်ထားခဲ့ရသည်ဟု သက်ဆိုင်ရာ ပြည်နယ်ရေဘေးကူညီရေးအဖွဲ့ အသီးသီးက ပြောသည်။

သြဂုတ်လ ၆ ရက်နေ့တွင် ဘီးလင်းမြစ်၊ သံလွင်မြစ်နှင့် သောင်းရင်းမြစ်တို့သည် စိုးရိမ်ရေမှတ်ကျော်လွန်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် (၂)ပေခွဲခန့် ကျော်လွန်နေပြီး နောက်(၂) ရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်တက်နိုင်လာကြောင်း၊ ထို့ကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေရာများတွင် နေထိုင်နေသူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုး/ဇလဦးစီးဌာနက အကြံပြုထားသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကလည်း ဘားအံမြို့ ကမ်းနားလမ်းတစ်လျှောက် သံလွင်မြစ်ရေ အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်များတွင် ရေတက်လာမှုကြောင့် ရွှေရင်မျှော်ဘုရား တွင် ရေဘေးရှောင်စခန်းဖွင့်လှစ်ထားသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တုန်းကလည်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် မိုးသည်းထန်ရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းလာကာ မြစ်ရေမြစ်တက်ခြင်းကြောင့် မြို့ နယ်အတော်များများတွင် ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံသောင်းနှင့်ချီ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရသည်။