ကျွဲနွားတင်ကားများ ပစ်ခံနေရခြင်းသည် ဥပဒေစိုးမိုးမှု အားနည်းခြင်းဖြစ်ဟု ဒေသခံများပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ် ၁၄ ရက်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် ကျွဲ၊ နွား တင်သည့် ကားများ မကြာခဏ ပစ်ခတ်ခံရပြီး တရားခံ ဖော်ထုတ်နိုင်မှု မရှိခြင်းသည် တရားဥပဒေစိုးမိုးမှု အားနည်းလွန်းပြီး ဒေသတွင်းက လက်နက်ကိုင်ပဋိပက္ခ ပြဿနာများကြောင့်ဖြစ်သည်ဟု ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ဒေသခံများ က ပြောသည်။

ကျောက်မဲ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက “ဒီလမ်းမပေါ်မှာ မနေ့က၊ တနေ့ကဖြစ်သွားတဲ့ ဆိုတော့ ကျနော်တို့က ဘယ်လက်နက်ကိုင်ကိုသွားပြီး ညှိုးရမလဲ။ ဆိုတော့ လားရှိုးနဲ့သီပေါကြားဆိုရင် ဒါ SSPP ခပ်များများနေထိုင်တဲ့နေရာ၊ ပြီးရင် ကျောက်မဲနဲ့ နောင်ချိုကြားမှာက RCSS နဲ့ TNLA လှုပ်ရှားတဲ့နေရာပေါ့၊ ပြီးတော့ အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေလည်းရှိတယ်။ ဘယ်သူလို့သွားညိုးမှာလည်း ဒါ ကျနော့်အမြင်ပါ။ ပြီးရင် ဒီလမ်းမပေါ်မှာ အရပ်ဝတ်နဲ့ ဖြတ်သန်းသွားလာတာကလည်း တပ်မတော်က အများပိုင်းတွေ့ရတယ်။ ဆိုတော့ ကျနော်အမြင်က နိုင်ငံရေးလုပ်စားတယ်လို့ပဲ မြင်တယ်” ဟု ပြောသည်။

ရှမ်းမြောက်ဒေသတွင် ယခုရက်ပိုင်းအတွင်း နှစ်ရက်ဆက်တိုက် ကျွဲ၊ နွားများ တင်ဆောင်လာသည့်ကားများ အမည်မသိလက်နက်ကို်င်အဖွဲ့များ၏ ချောင်းမြောင်း ပစ်ခတ်မှုကိုခံခဲ့ရပြီး သေဆုံးသူ ၃ ဦး နှင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူများရှိသည်ဟု ဒေသခံများ က ပြောသည်။

သြဂုတ်လ ၁၃ ရက်နေ့ (ယမန်နေ့) က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး “ကျောက်မဲမှာက မနေ့က မနက်ပိုင်းက ကျနော်တို့ မန္တလေးကို လူနာပို့သွားရင်းနဲ့ ကျောက်မဲနဲ့ စခန်းသာကြားပေါ့ အဲ့မှာထပ်ပစ်ခံရတာပေါ့။ အဲ့မှာလည်း အစကတော့ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာရပဲ၊ ဒါပေမယ့် အဲ့ဒဏ်ရာရတဲ့လူလည်း ဆေးရုံပို့ရင်းနဲ့ပဲ ဒီဆေးရုံမရောက်ခင် လမ်းမှာဆုံးသွားတယ်လို့ပြောတယ်။ အခုက ဒါမျိုးက မကြာခဏဆိုသလို ဖြစ်နေတာပေါ့နော်။ ဒါကို ဘယ်သူကမှလည်း ဖော်ထုတ်နိုင်တာ မရှိဘူးပေါ့။ တရားဥပဒေစိုးမိုးရေးအနေနဲ့ကတော့ ဖြစ်ပျက်နေတာတွေ မမိတော့ အားနည်းနေတယ်လို့ပဲ ပြောချင်တယ်” ဟု ပြောသည်။

သြဂုတ်လ ၁၃ ရက်နေ့က နောင်ချိုမှ ကျောက်မဲဘက်သို့ မောင်းနှင်လာသည့် အဆိုပါကျွဲကားမှ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု အတွင်းရှိ ခိုအုံးကျေးရွာတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါပစ်ခတ်မှုတွင် နှစ်ဦး သေဆုံးခဲ့သည်။ အလားတူ ၁၂ ရက်နေ့ကလည်း သီပေါမြို့နယ်အတွင်း နွားကားတစ်စီး ပစ်ခတ်ခံခဲ့ရသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး “ကျနော်တို့ ၁၂ ရက် နေ့ကတော့ သီပေါ ဒီစံလောင်းရွာနဲ့ အုန်းဖိုရွာကြား ဒီကုံးမုံးရွာကြးပေါ့ အဲ့မှာ ဖြစ်သွားတယ်။ အဲ့မှာတော့ ဒဏ် ရာရတစ်ယောက်၊ သေဆုံးတစ်ယောက်၊ အဲ့ဒါကျနော်တို့အသင်းကနေပဲ သွားသယ်ပြီး သီပေါဆေးရုံပို့တယ်။ ဒဏ်ရာရတဲ့လူကို လားရှိုးဆေးရုံကို ထပ်ပို့လိုက်ရတယ်။ သူက ရင်ဘတ်နဲ့ နံကြားမှာနှစ်ချက်ထိတယ်။ သေဆုံး သူကတော့ မြင်းခြံ ကလို့တော့ ပြောတာပဲ” ဟု ပြောသည်။

မန္တလေး-မူဆယ် လမ်းမကြီးတလျှောက် တရုတ်နိုင်ငံသို့ တင်ပို့ရန် နွားနှင့် ကျွဲများတင်ဆောင်လာသည့် ကားများကို အမည်သိလက်နက်ကိုင်အဖွဲ့များက မကြာခဏဆိုသလို ချောင်းမြောင်း ပစ်ခတ်မှုများရှိနေသည်။

အဆိုပါဖြစ်စဉ်များတွင် ယာဉ်မောင်းနှင့် ယာဉ်မောင်းနောက်လိုက်များ အသက်သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ မကြာခဏ ဖြစ်ပွားနေသော်လည်း ထိုပစ်ခတ်မှုများနှင့် ပတ်သက်၍ ယနေ့အချိန်ထိ တရားခံကို ဖမ်းဆီးရမိခြင်း မရှိဘူးဟု ရှမ်းမြောက်ဒေသခံများ က ပြောသည်။

တအာင်းပါတီ လားရှိုးမြို့နယ်ရုံး ဥက္ကဋ္ဌ ဦးကျော်အောင် က “ကျနော် တစ်ဦးတစ်ယောက် သဘောအရ ပြောရရင်တော့ ဒီဒေသမှာ မကြာမကြာဖြစ်နေတာပဲ၊ ဒါက ဥပဒေမစိုးမိုးဘူးဆိုတာ ထင်ရှားနေတာပဲ။ ဥပဒေပိုင်းက စိုးမိုးမှုမရှိတော့ အမှုမှန်ကလည်းမပေါ်ဘူး။ ဒါတွေအားလုံးက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ပြည်သူတွေအားလုံးသိ နေတာပဲ။ အခုနကပြောသလိုပေါ့ ဒီဒေသမှာက တိုက်ပွဲတွေအမြဲရှိနေသလို ခရီးသွားတွေပစ်ခတ်ခံရတာ၊ ကျွဲကား၊ နွားကားတွေ ပစ်ခတ်ခံရတာ မကြာမကြာဖြစ်နေတာလေ။ အားလုံးခြုံကြည့်လိုက်ရင် ဒီမြောက်ပိုင်းဘက်မှာတော့ လုံခြုံမှုအရ၊ အကာအကွယ်နည်းတယ်။ သွားရလာရတာ လုံခြုံရေးအားနည်းတယ်” ဟု ပြောသည်။

လက်နက်ကိုင်ပဋိပက္ခ ပြဿနာများကို မဖြေရှင်းနိုင်သ၍ ဒေသခံပြည်သူများအတွက် လုံခြုံရေး၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေး မရှိနိုင်ဘူးဟု နို်င်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

“အားလုံးကနိုင်ငံရေးပါပဲ။ နိုင်ငံရေးအခြေအနေ မပြေလည်သေးလို့ကတော့ သူလိုလို ကိုယ်လိုလို ဖြစ်နေမှာပဲလို့ မြင်တယ်။ တပ်မတော်ပါလို့လည်း ကျနော်မပြောပါဘူး။ တိုင်းရင်းသားတွေပါလို့လည်း ပြောတာမဟုတ်ဘူး။ လက်နက်ကိုင်ဆိုရင် အကုန်ပါတယ်။ တရားဥပဒေစိုးမိုးမှုဆိုတာက နိုင်ငံရေးအရ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို မပြင်နိုင်သေးသ၍ကတော့ လက်နက်ကိုင်ပြဿနာရှင်းလို့ရမှာမဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေပြင်ပြီးမှပဲ ဆိုလိုချင်တာက နိုင်ငံရေးအရပြေလည်မယ်။ နိုင်ငံရေးအရ ပြေလည်မှပဲ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိလာနိုင်မယ်” ဟု ကျောက်မဲ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်အဆုံးအပတ်အတွင်းကလည်း ကျောက်မဲမြို့နယ်အတွင်း နွာများတင်ဆောင်လာသည့် ကားတစ်စီး ချောင်းမြောင်းပစ်ခတ်ခံခဲ့ရပြီး ယာဉ်မောင်းတစ်ဦးသေဆုံးကာ၊ ယာဉ်နောက်လိုက် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။