အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် NCA ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ အလွတ်သဘော တွေ့ဆုံမည်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသော အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှ အငြိမ်းစား ဒုဗိုလ်ချူပ်ကြီးဟောင်း ဦးခင်ဇော်ဦး ဦးဆောင်သည့်အဖွဲ့သည် ယနေ့ညနေတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိလာသည်။

သြဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားသည်ဟု တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။

“၁၉ ရက်နေ့မှာ အပစ်ရပ် ၁၀ ဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြမယ်။ ၂၀ ရက်နေ့ မနက်မှာ တော့ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ တွေ့ပြီးတော့ ၂၀ ရက်နေ့ နေ့လည်ပိုင်းမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS နဲ့ သီးခြားစီ ခွဲပြီး တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ ကတော့ တွေ့ဆုံနိုင်ဖို့အတွက် ညှိနှိုင်းနေဆဲပါ။”ဟု ပြောသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း၌ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့မှ တရားဝင်ဆွေးနွေးပွဲများကို ယာယီ ရပ်ဆိုင်းခဲ့ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်တန့် ခဲ့သည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ  RCSS ကလည်း ပူးတွဲ စောင့်ကြည့်ရေး ကော်မတီတွင် မပါဝင်ပဲ နေခဲ့သည်။

မကြာသေးမီက RCSS နှင့် KNU အဖွဲ့တို့က တရားဝင် ဆွေးနွေးပွဲ လမ်းကြောင်းသို့ ပြန်လည် သွားရန် ပြောဆိုမှုများ ရှိခဲ့ပြီးနောက် ယခု အစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။

အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် အစိုးရဖက်မှ NRPC မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ဦးဆောင်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချူပ် ဦးဇော်ဌေး ၊ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး နှင့် ဦးကျော်လင်းဦး တို့ ပါဝင်သည်။

အစိုးရ နှင့် NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များ အကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများကို ငြိမ်းချမ်းရေး ကော်မရှင် PC ခေါင်းဆောင်များနှင့် မကြာခဏ တွေ့ဆုံမှုများ ရှိခဲ့ပြီး ပြီးခဲ့သည့် မတ်လ တွင် ချင်းမိုင်မြို့နှင့် ဇူလိုင်လ တွင် ရန်ကုန်နှင့် နေပြည်တော်တို့၌ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။

NCA အပစ်ရပ် အဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။