ရှမ်းမြောက်စစ်ရှောင်များ အဓိက ဆန်လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်များ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆန်အဓိကလိုအပ်နေပြီး ပိတ်မိပြည်သူများလည်းရှိနေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ဒေသခံများက ပြောသည်။

ကွတ်ခိုင်ဒေသခံ မိုင်းမိုင် က “စားသောက်ဖို့အတွက်က ဘုန်းကြီးကျောင်းမှာဆိုလည်း ဘုန်းကြီးတွေကပဲ စီစဉ်ပေး၊ ဘာသာရေးခရစ်ယာန် ဘုရားကျောင်းဆိုလည်း ဘာသာရေးအဖွဲ့အစည်းကလူတွေ လုပ်ပေးနေတာပေါ့နော်။ ကွတ်ခိုင်က စိုက်ပျိုးရေး ဖြစ်ထွန်းတဲ့နေရာမဟုတ်ဘူးလေ။ သိန်းနီးကနေ ဆန်ဝယ်စားပြီးနေရတာဖြစ်တယ်။ ဆိုတော့ ဒီမှာရှိတဲ့ ဆန်ကုန်သည်တွေကလည်း တနိုင်တပိုင်ပဲလုပ်စားကြတာဆိုတော့ ဒီလောက်လူအင်အားနဲ့ မြို့ပေါ်က လူတွေနဲ့ဆိုတော့ လမ်းကလည်း ပိတ်ထားတဲ့ခါကြတော့ တော်တော်လေးခက်ခဲနေတဲ့ အနေအထားဖြစ်တယ်” ဟု ပြောသည်။

အများစုမှ ဆန်ပြတ်လပ်မှုအခက်အခဲဖြစ်နေပြီး အချို့နေရာများတွင် သောက်သုံးရေအခက်အခဲလည်းရှိသည်ဟု မိုင်းမိုင်က ဆက်ပြောသည်။

“ဂါလိုင်လမ်းဘက်မှာလည်း အယောက် ၃၀၀ ကျော် လောက်ရှိတယ်။ အဲ့မှာတော့ ရေအခက်အခဲရှိတယ်။ နဂိုကတည်းက ရေအခက်အခဲရှိတာဆိုတော့ အခုက ပိုဆိုးတာပေါ့နော်။ သီပေါက နယ်စည်းမခြားပရဟိတအဖွဲ့တွေက လာကူညီကြတယ်။ လားရှိုးဘက်ကတော့ နည်းနည်း လမ်းပွင့်တဲ့အနေအထားပေါ့၊ ဒီမူဆယ်ဘက်တော့ လုံးဝမပွင့်သေးဘူး။ သွားလာခွင့်မပေးဘူး။ ပစ်မယ် လို့ပြော ထားတဲ့အနေအထားမှာရှိတယ်။ မိုင်းယုလေး နဲ့ နမ့်ဖက်ကာကြားမှာက တော်တော်လေးပိတ်မိနေတဲ့အနေအထားမှာရှိတယ်။ သွားရောက်ကယ် ထုတ်ဖို့ကလည်း မလွယ်ဘူး။”

ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြား ပိတ်မိပြည်သူများ ရှိနေသေးပြီး သွားရောက်ကယ်ထုတ်ရန် ယနေ့အချိန်ထိ အဆင်မပြေသေးဘူးဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့ တွင် ယခုခါ စစ်ဘေးရှောင် တစ်ထောင်ကျော်ခန့်ရောက်ရှိနေပြီး အများစုမှာ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် အချို့မှာ နီးစပ်ရာ ဆွေမျိုးများအိမ်တွင် နေထိုင်နေကြသည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

သြဂုတ်လ ၂၁ ရက်နေ့က တိုက်ပွဲများကြား ပိတ်မိနေသည့် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာနှင့် ကုန်းဆာကျေးရွာအတွင်းက ရွာသား ၁၇၀ ကျော် ကို ရှမ်းမြောက်ဒေသရှိ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်ဒေသရှိ ပရဟိတလူမှုကူညီရေးအသင်းများနှင့် စာပေယဉ်ကျေးမှုအဖွဲ့များက သွားရောက်ကယ်ထုတ်ခဲ့ကြသည်။

“ဒုက္ခသည်ဦးရေကို ပြောရမယ်ဆိုရင်တော့ ထောင်ဂဏာန်းနီးပါးရှိလာပြီ။ တစ်ထောင်ကျော်ပေါ့။ ဟိုနားနည်းနည်း ဒီနားနည်းနည်ပေါ့နော်။ နမ့်ကွတ်နဲ့နောင်ဆွေမှာ ပိတ်မိနေတဲ့ရွာသားတွေကို ယဉ်ကျေးမှု အဖွဲ့တွေရယ်၊ အသင်းတော်ကရယ် ပြီးရင် ပရဟိတအဖွဲ့ကရယ် ပူးပေါင်းပြီးမှ သွားပြီးမှတော့ ခေါ်ထုတ်လာတယ်ပေါ့နော်။ အယောက် ၁၀၀ ကျော် ၁၇၀ လောက်ပေါ့ ခေါ်ထုတ်လာတယ်။”

ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြား လားရှိုး၊ သိန်းနီ နှင့် ကွတ်ခိုင်မြို့တို့တွင် စစ်ဘေးရှောင် ဒေသခံပြည်သူ ၅၀၀၀ နီးပါးခန့် ရောက်ရှိနေပြီဖြစ်သည်ဟု ရှမ်းမြောက်အခြေစိုက် တအာင်းအရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

သြဂုတ်လ ၂၁ ရက်နေ့က ကွတ်ခိုင်ဘက်မှ တပ်မတော်စစ်ကား ၈ စီး ဖြင့် ထိုးစစ်ဆင်တိုက်လာသည့်အတွက် မန်ပွန်ရွာအနီးတွင် နှစ်ဘက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့အကြားက တိုက်ပွဲအခြေအနေကို PSLF/TNLA က ထုတ်ပြန်ထားသည်။ ထို့အပြင် သြဂုတ်လ ၂၀ ရက်နေ့က လည်း မန္တလေးဘက်မှ ရှမ်းမြောက်ဒေသဘက်သို့ စစ်ကား ၁၀၀ ကျော် ထပ်မံအင်အားဖြည့်ထိုးစစ်ဆင်မှုများ ရှိသည်ဟုလည်း PSLF/TNLA က ထုတ်ပြန်ထားပါတယ်။

တအာင်းအရပ်ဖက်အဖွဲ့အစည်းများက ယမန်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် သြဂုတ်လ ၁၅ ရက် နေ့မှ ၂၀ ရက်နေ့အထိ မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လမ်းတံများ ပျက်ဆီးခြင်း၊ လူထုများ ထိခိုက်ဒဏ်ရာရှိခြင်းနှင့် သေဆုံးခြင်း၊ ခရီးသည် များနှင့် ကုန်တင်ယာဉ်များ ပိတ်မိခြင်းနှင့် ဒေသခံပြည်သူ၏ အသက်အိုးအိမ်များ ထိခိုက်ပျက်ဆီးခြင်း များရှိ နေသည့်အပြင် စစ်ဘေးရှောင်ဒုက္ခသည် စုစုပေါင်း (၄၈၆၂) ဦးအတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ပါရှိသည်။

ထို့အပြင် လက်ရှိတိုက်ပွဲအတွင်း မဟုတ်မမှန် အတုအယောင် သတင်းများ၊ အမုန်းပွားစေသည့်စကားများ အသုံးအနှုန်းများ လူမှုကွန်ယက် (Social Media)များတွင် ပျံနံှ့နေခြင်း၊ ဝါဒဖြန့်ခြင်းများကြောင့် လူမျိုးရေး ပြဿနာအပြင် ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေသည်ဟု အဆိုပါထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

တအာင်းအမျိုးသမီးအဖွဲ့ (TWO) က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အဓိကက လက်နက်ကိုင်ကိုမမြင်ပဲနဲ့ လူမျိုးကို ဆွဲဆွဲ ထည့်တဲ့အပိုင်းတွေတွေ့နေရတယ်။ တချို့ဆိုရင် လူမျိုးကို ဦးတည်လာတယ်၊ ဟိုလူမျိုးက စဖြစ်တယ်၊ ဒီလူမျိုးက စဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးတွေပြောလာတယ်။ လက်နက်ကိုင်ကိုမမြင်ပဲနဲ့ပေါ့။ အဲ့ဒါက လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုး လူထုကြားမှာ အမြင်လွှဲမှုတွေ ဖြစ်စေနိုင်တယ်။ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေတယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်ကို ဦးတည်တိုက်ခိုက်ခြင်းများ၊ ပစ်မှတ်ထားပစ်ခတ်ခြင်းများ၊ ပိတ်ဆို့ခြင်းများ၊ လမ်းပိတ်ခြင်းများ မပြုလုပ်ရန်လည်း ရှမ်းမြောက်ဒေသရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက တောင်းဆိုနေကြသည်။

“တိုက်ခိုက်မှုဖြစ်နေတဲ့နှစ်ဖက်စလုံးမှာပေါ့နော် တိုင်းရင်းသားလက်နက်ကိုင်တွေရော တပ်မတော်ဘက်မှာရော ဖြစ်နိုင်ရင်တော့ တိုက်ပွဲအမြန်ဆုံးရပ်တန့်ပေးဖို့ရယ်၊ တဖက်နဲ့တဖက် တင်းမာမှုမဟုတ်ပဲနဲ့ စစ်ရေးအရဖြေရှင်းမှုတွေ မလုပ်ပဲနဲ့ ညှိနှိုင်းနိုင်မယ့် နည်းလမ်းတွေကို အမြန်ဆုံးရှာဖွေစေချင်တယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့ (TWO) က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် မဖြေရှင်းကြရန်နှင့် တိုက်ပွဲများရပ်တန့်ကာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးလမ်းကြောင်း ဖော်ဆောင်ပေးကြပါရန်ှ ရှမ်းမြောက်ဒေသရှိ ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းများက အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား တောင်းဆိုထားသည်။