တရားစွဲခံထားရသည့် ကယားတောင်သူ ၆ ဦးအား အမှုသစ်ဖြင့် ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်။

ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်၊ ဒေါဆိုရှေးကျေးရွာမှ တောင်သူ ၆ ဦးအား အမြှောက်တပ်ရင်း အမှတ် (၃၆၀) က ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ဥပဒေပုဒ်မ ၆(၁) ဖြင့် ထပ်မံဖြည့်စွက် တရားစွဲဆိုလိုက်သဖြင့် ဖမ်းဆီးခံလိုက်ရပြီး ထောင်အချုပ်တွင် ချထားခြင်းခံရသည်ဟု ကရင်နီပြည်တောင်သူ သမဂ္ဂက ပြောသည်။

သြဂုတ်လ ၂၆ ရက်နေ့ (ယနေ့) တွင် တပ်သိမ်းမြေပေါ်တွင် သီးနှံစိုက်ပျိုးထွန်ယက်ခဲ့ကြသည့် ဒေါဆိုရှေး တောင်သူလယ်သမားများထဲမှ တရားစွဲဆိုခံထားရသည့် တောင်သူ (၁၅) ဦးမှာ ဒီးမောဆိုမြို့နယ်တရားရုံးတွင် ရုံးချိန်းသွားရာ ယခုကဲ့သို့ အမှုသစ်ဖြင့် ထပ်မံ တရားစွဲခံကြရကြောင်း သိရခြင်း ဖြစ်သည်။

ကရင်နီပြည်တောင်သူသမဂ္ဂ ဥက္ကဋ္ဌ ခူးဦးရယ်က “ဒေါဆိုရှေ့က တောင်သူ ၆ ဦးက အခု ပုဒ်မ ၆(၁) နဲ့ အခုထောင်ထဲရောက်နေတယ်။ အမြောက်တပ် ၃၆၀ က တရားစွဲတာ။ အရင်က ပုဒ်မ ၄၄၇ နဲ့ စွဲထားတာ။ ဒီးမော့ ဆိုမြို့နယ်ကနေ တရားထပ်စွဲလိုက်တာပေါ့။ ပုဒ်မ တစ်ခုထပ်တိုးသွားတယ်။ သူတို့က အခုလောလောဆယ် ထောင်အချုပ်နဲ့ အမှုရင်ဆိုင်သွား ရမှာပေါ့” ဟု ပြောသည်။

“ဒီနေ့ တရားရုံးသွားရင်းနဲ့ပေါ့၊ သူတို့ကလည်း ပုဒ်မ ၄၄၇ နဲ့ တရားစွဲခံထားရတော့ ဒီရက်သူတို့ရုံးချိန်းလေ။ ဒီနေ့ တောင်သူတွေက ရုံးချိန်း ၁၅ ယောက်သွားတယ်။ ရုံးချိန်းသွားရင်းနဲ့ ခင်များတို့ကို စစ်တပ်က ပုဒ်မ ၆(၁) နဲ့ ထပ် ပြီးတော့ တရားစွဲလိုက်ပါတယ်။ ပုဒ်မ ၆၁ ဆိုတာက အာမခံလျှောက်လို့မရတဲ့ ပုဒ်မလေ။ ဒါကြောင့်မို့လို့ ထောင်ထဲထည့်လိုက်တာ။”

ဒေါဆိုရှေးကျေးရွာမှ တောင်သူ ဦးပါစကွားလယ်၊ ဦးသောမတ်စ်၊ ဦးကျော်ကျော်၊ ဦးမာတီးယာ၊ ဦးငါးရယ်၊ ဦးအိုင်ဘီတို့ (၆) ဦး အား ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ဥပဒေပုဒ်မဖြင့် တရားစွဲဆိုရန် စွဲချက်တင်ခဲ့သည့် အတွက် လွိုင်ကော်အကျဉ်းထောင်အတွင်းမှ အမှုရင်ဆိုင်ရမည်ဖြစ်သည်ဟု ဆက်ပြောသည်။

ဒေါဆိုရှေးကျေးရွာမှ မြေဧက နှစ်ဆယ်ခန့် အသိမ်းခံလိုက်ရသည့် တောင်သူတစ်ဦးက “ကျနော်တို့မကြောက်ဘူး။ ကြောက်တတ်တဲ့ကောင်မဟုတ်ဘူးလို့။ အခုသူတို့မစိုက်ခိုင်းတော့ ကျနော်တို့ဘာစားမလဲ။ ကျနော်တို့ ထမင်းအိုးက အဲ့မှာပဲရှိတယ်။ အသက်ရှင်လည်း ဒီမြေကြီးနဲ့ပဲ အသက်ရှင်တယ်။ သေရင်လည်း ဒီမြေကြီးနဲ့ပဲသေမယ်” ဟု ပြောသည်။

ဒေါဆိုရှေးကျေးရွာမှ တောင်သူများသည် သိမ်းဆည်းခံမြေယာများပေါ်တွင် ပြန်လည်စိုက်ပျိုးခဲ့ကြသည့်အတွက် တောင်သူများကို အကျိုးဖျက်ဆီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ နှင့် ပိုက်နက်ကျူးကျော်မှု (ကျော်နင်းမှု) ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၄၇ ဖြင့် တပ်မတော်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ တောင်သူများ တရားစွဲဆိုခံနေရခြင်းမှာ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများကို အစိုးရနှင့် တပ်မတော်တို့ အနေဖြင့် အသိအမှတ်မပြုခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

“၆၁ ဆိုတာက ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးမှုပေါ့၊ သူတို့က ကိုယ့်တောင်ယာကိုယ်သွားလုပ်တာလေ။ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးတာနဲ့ဘာဆိုင်လဲပေါ့။ စစ်တပ်တွေက တောင်သူကို ပုဒ်မ ၆၁ နဲ့ တရားစွဲတယ် ဆိုတာက အခြေအမြစ်မရှိတဲ့ တရားစွဲဆိုမှုလို့ပဲပြောချင်တယ်။ အခုလိုဌာနေတိုင်းရင်းသား တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးကို အသိအမှတ်မပြုပဲနဲ့ အစိုးရကလည်း လူငယ်တွေကို တရားစွဲတယ်၊ စစ်တပ်ကနေလည်း တောင်သူတွေကို တရားစွဲတယ်ဆိုတာ သက်သက်မဲ့အနိုင်ကျင့်တာပဲဗျ” ဟု ကရင်နီပြည်တောင်သူသမဂ္ဂ ဥက္ကဋ္ဌ ခူးဦးရယ် က ပြောသည်။

ဒေါဆိုရှေးကျေးရွာမှ ဒေသခံတောင်သူများနှင့် အမြောက်တပ်ရင်း အမှတ် ၃၆၀ တို့အကြား မြေယာအငြင်းပွားမှုများ ဖြစ်ပွားပြီး တောင်သူများအား တပ်မတော်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဒေါမူကလားက တောင်သူများနှင့် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါဆိုရှေးကျေးရွာမှ တောင်သူများ စုစုပေါင်း ၂၇ ဦး မှာ အမှုရင်ဆိုင်နေရသည်ဟု ကရင်နီပြည်တောင်သူသမဂ္ဂက ပြောသည်။ ထောင်အတွင်းမှ တရားရင်ဆိုင်နေရသူများရှိသကဲ့သို့ ထောင်ပြင်ပမှနေ၍ အပတ်စဉ်ရုံးချိန်းလာပြီး တရားရင်ဆိုင်နေရသည့် တောင်သူများလည်းရှိသည်ဟု ကရင်နီပြည်တောင်သူသမဂ္ဂက ပြောသည်။

ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒေါမူကလားကျေးရွာတွင်လည်း ဇွန်လ ၂၁ ရက်နေ့က စစ်တပ်မှသိမ်းဆည်းထားသည့် မြေယာများ ပြန်လည်ရရှိရေး ကြိုးပမ်းခဲ့သော တောင်သူတစ်ဦးနှင့် ဖြစ်စဉ်အချက်အလက်များအား သွားရောက်မှတ်တမ်းတင်ခဲ့သည့် ပြည်နယ်လွှတ်တော် ကော်မတီ အဖွဲ့ဝင်တစ်ဦးအားလည်း ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ဥပဒေပုဒ်မ ၆(၁) ဖြင့် ဖမ်းဆီးခံထားရပြီး ထောင်အတွင်းမှ တရားရင်ဆိုင်နေရသည်။