လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများကြောင့် ပန်းမြောင်းကျေးရွာသားများ ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာထဲသို့ သြဂုတ်လ ၂၇ ရက်နေ့တွင် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး၊ ညနေ ၄ နာရီခန့်က လေယာဉ်ပေါ်မှလည်း လာရောက်ပစ်ခဲ့သည့်အတွက် ရွာသူ/သားများ ထွက်ပြေးနေရပြီး လုံခြုံရေးအတွက် စိုးရိမ်နေရဆဲဖြစ်သည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ် စားလှယ်များက ပြောသည်။

ပန်းမြောင်းကျေးရွာသို့ ရောက်ရှိနေသည့် မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ခင်များတို့က ကြားပဲကြားတာ၊ ကျနော်က ဒီကိုရောက်နေတော့ မြင်လိုက်ရတာဗျ။ ကျနော်တို့ကတော့ အပြန်အလှန်ပစ်ခတ်သံတော့ မကြားဘူးဗျ။ တပ်မတော်ဘက်ကတော့ လက်နက်ကြီးက အခုနလေးတင်ကပဲ ပစ်နေတုန်းပါပဲ၊ နောက်ပြီး ၄ နာရီ ဝန်းကျင်လောက်က လေယာဉ်နှစ်စီးနဲ့ လာပြီးတော့ ၇ မိနစ်လောက် လာပစ်ခတ်သွားတာတော့ မြင်လိုက်တယ်” ဟု ပြောသည်။

သြဂုတ်လ ၂၇ ရက်နေ့ နေ့လည်ပိုင်းကလည်း ပန်းမြောင်းနှင့် ရွှေကျင်ကျေးရွာကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ဒီနေ့လည်း လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တယ်။ ပန်းမြောင်းနဲ့ အရှေ့ဘက်နှစ်မိုင်လောက် အကွာမှာရှိတဲ့ တောင်ဖြူတောင် အဲ့ဒီတောင်မှာရှိတဲ့နေရာတွေကို လေကြောင်းက လာတိုက်ခိုက်တာတွေရှိတယ်။ နောက် တစ်ခါ ရွှေကျင်၊ ပန်းမြောင်းကနေ တောင်ဘက်စူးစူး ၆ မိုင်လောက်ဝေး တယ်၊ အဲ့ဒီနေရာမှာလည်း တိုက်ပွဲတွေ ဖြစ်သေးတယ်” ဟု ဆက်ပြောသည်။

ရွှေကျင်ကျေးရွာမှ ဒေသခံများလည်း စစ်ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ပြောသည်။

ပန်းမြောင်းကျေးရွာတွင် တစ်ပတ်ကျော်အကြာ ဖြစ်ပွားနေသည့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုခါ ကျေးရွာအတွင်း ဒေသခံပြည်သူအများစုမှ ထွက်ပြေးတိန်းရှောင်ကုန်ကြပြီဟု ဦးလှသိန်းအောင်က ဆက်ပြောသည်။

“ပန်းမြောင်းက လူတွေ အခုဆိုရင် ရွာမှာ လူဦးရေသုံးပုံပုံ တစ်ပုံလောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့နှစ်ပုံက ဘယ်ရောက်လို့ ဘယ်ပျောက်နေမှန်းတောင်မသိတော့ဘူး။”

ထို့အပြင် “ကျနော်တို့က ဘာကို စိုးရိမ်လဲဆိုတော့ တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိတယ်၊ ပြီးတော့ ဒီနေရာမှာည အိပ်တဲ့လူအနေနဲ့ ဘာစိုးရိမ်ရသေးလဲဆိုတော့ သူတို့က ရွာထဲကိုဝင်လာပြီး ဆိုင်တွေမှာ အရက် တွေဝယ်တာ တွေရှိတယ်။ ဆိုတော့ အရက်ကိုအလွန်အကျွံသောက်ပြီးတော့ မူးပြီး လျှောက်ပစ်ခတ်မှာကို စိုးရိမ်တယ်။ အဲ့ဒါ ကျနော်ဒီမှာ အိပ်တဲ့အတွက် စိုးရိမ်တာလေးပါ” ဟုလည်း ၎င်း၏ စိုးရိမ်ချက်ကို ပြောသည်။

ပန်းမြောင်းကျေးရွာအတွင်း သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက တပ်မတော်မှ တပ်စွဲထားသည့် အောင်မင်္ဂလာ ဘုရားတောင်ကုန်းအနီးရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံရွာသား ကလေးငယ် သုံးဦးသေဆုံးကာ သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့နေ့မှစ၍ ဒေသခံ အများစုမှာ နေအိမ်များကို စွန့်ခွာထွက်ပြေးကုန်ကြပြီဟု ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “အဲ့ဒီဘက်အခြေအနေ တွေကတော့ အောင်မင်္ဂလာတောင် ဘုရားတောင်ပေ့ါလေ အဲ့မှာ တပ်မတော်က အခုထက်ထိ တပ်စွဲထားတုန်း ပဲ၊ တပ်ဖွဲ့ အဖွဲ့ဝင်က အကုန်လုံး ၁၀၀ ဝန်းကျင်လောက်ရှိတယ်ပေါ့။ အဲ့ဒီမှာ လက်နက်ကြီးအမြှောက်တွေနဲ့ အထိုင်ယူထားတယ်ဆိုတဲ့အခါကြတော့ ဒီတောင်ကုန်းပေါ်ကနေ ပစ်နေတော့ ဒေသခံတွေက လောလောဆယ် မနေရဲကြဘူး။ တပ်ကလည်း ဒီနေရာမှာ တာရှည်တပ်စွဲမယ့်ပုံစံမျိုးဖြစ်နေတော့။ ပြောင်းတာကတော့တနေ့က မိသားစုဝင် ကလေးသုံးယောက်သေတဲ့နေ့ကစပြီး ပြောင်းနေကြတာပဲ။ ဒီနေ့လည်း လေယာဉ်နဲ့ လာပစ်သွား တာတွေရှိသေးတယ်” ဟု ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) ကြား သြဂုတ်လ ၂၇ ရက်နေ့တွင် မြေပုံမြို့နယ်၊ ရှောက်ခြုံကျေးရွာနှင့် ကျောက်ငနွားကျေးရွာကြားတွင် နေ့လည် (၁၃း၄၈) အချိန်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အမ်းမြို့နယ် ကဇူးကိုင်း ကျေးရွာအနီးတွင်လည်း ညနေ ၃ နာရီ ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ အနီးပတ်ဝန်းကျင်တွင် တပ်မတော်က နံနက် ၆ နာရီခန့်တကည်းက လက်နက်ကြီးများဖြင့် ပတ်ခတ်ခဲ့ကြောင်း ထို့နောက် ညနေ ၄ ကျော်ခန့်တွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်တော် (ULA/AA) က ထုတ်ပြန် ထားသည်။

ပန်းမြောင်းကျေးရွာသည် အိမ်ခြေပေါင်း ၁၅၀၀ ကျော်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ယခုခါ ကျေးရွာ အတွင်းရှိ စာသင်ကျောင်း၊ ဆေးရုံ နှင့် ဈေးများ ပိတ်ထားရသည်။ ထို့အပြင်ကျေးရွာအတွင်းရှိ နေအိမ်များမှာ လည်း ပိတ်ထားကြပြီး အများစုမှ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးခိုလှုံနေကြရသည်ဟု ဒေသခံများကပြောသည်။

“အဲ့ဒီပန်းမြောင်းမှာက အဲ့ဒီနေရာက မြို့သာသာလောက်ရှိတယ်။ တိုက်နယ် ကျေးရွာလို့ပြောရမလားပေါ့။ တော်တော်ကြီးတဲ့ရွာကြီးပါ။ အခု တစ်ထောင်ကျော်က တခြားကို ရွှေ့ကုန်ပြီ။ တချို့ကလည်း ကလေးတွေနဲ့ သက်ကြီး တဲ့လူတွေကို မြောက်ဦး မင်းပြား၊ ပေါက်တော၊ တခြား နီးစပ်ရာ ရွာတွေမှာ စစ်ပွဲသက်ရောက်မှု မရှိတဲ့ ရွာတွေကိုပေါ့ ပြောင်းကုန်တယ်။ မပြောင်းတဲ့လူ တွေလည်း ရွာမှာ မအိပ်ရဲ ကြဘူးတဲ့။ ရွာမှာလူတောင်မရှိသလောက် ဖြစ်ကုန်တယ်ပြောတယ်” ဟု ကိုဇော်ဇော်ထွန်း က ဆက်ပြောသည်။

ထို့အပြင် ပန်းမြောင်းကျေးရွာအနီးအနားက ကျေးရွာပေါင်း ၇ ရွာခန့်က ဒေသခံများလည်း အခြားစစ်မဖြစ်သည့် ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်နေကြသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ဆက်ပြောသည်။

“လောလောဆယ်မှာ အဲ့ဒီအနီးအနားက ရွာ ၇ ရွာက လူပေါင်း ၄၀၀၀ လောက် တခြားကို ရွှေ့ပြောင်းနေကြတယ်။ ဒါတောင်ခန့်မှန်းခြေပဲ။ အဲ့ဒီဘက်က ကျနော်တို့ အဖွဲ့ဝင်တွေကိုယ်တိုင်လည်း စစ်ဘေးရှောင်ထွက်ပြေး နေရတယ်။”

ရခိုင်ပြည်နယ်အတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားက စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၆၁၀၉၃ ဦး က စစ်ဘေးရှောင်နေကြရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။