မွန်သဘာဝဘေး ထူထောင်ရေးအတွက် ရံပုံငွေ လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်။

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေး ဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေး လုပ်နိုင်ရန်အတွက် ရံပုံငွေများ လိုအပ်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရက ပြောသည်။

ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြုပ်မှု၊ တောင်ပြိုမှု၊ လေပြင်းတိုက်ခတ်မှု အစရှိသည့် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏမှာ များပြားလွန်းပြီး ပြန်လည်ထူထောင်ရေးလုပ်မည့် အပိုင်းတွင်လည်း ကုန်ကျစရိတ်များပြားမည် ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

“ပြန်လည်ထူထောင်ရေးအတွက် အဓိကလိုအပ်တာက ဘဏ္ဍာရံပုံငွေပဲ ဘဏ္ဍာရံပုံငွေများများရှိဖို့လိုတယ်။ ဥပမာ အဆောက်အဦးတစ်ခုက သဘာဝဘေးကြောင့် သိန်း ၁၀၀ ပျက်ဆီးဆုံးရှုံးသွားတယ်၊ ဒါကို ပြန်ဆောက် တဲ့အခါ သဘာဝဘေးဒဏ်ခံနိုင်ဖို့ အခိုင်အမာလုပ်ရမယ်။ နည်းပညာအပိုင်းတွေနဲ့ ဆိုတော့ သိန်း ၁၀၀ နဲ့ မရ တော့ဘူး။ သိန်း ၁၅၀ ကုန်ချင်ကုန်မယ် သိန်း ၂၀၀ ကုန်ချင်ကုန်မယ်။ ပြန်လည်ထူထောင်ရေး လုပ်မယ့်အပိုင်းကတော့ လတ်တလော ဘဏ္ဍာရံပုံငွေ အဓိက လိုအပ်တယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က ပြောသည်။

ပြန်လည်ထူထောင်ရေးအတွက် ကုန်ကျမည့် ကုန်ကျစရိတ်ဘတ်ဂျက် များပြားသည့်အတွက် လတ်တလောတွင် ဘတ်ဂျက်ပမာဏကို ခန့်မှန်းပြောဆိုရန် ခက်ခဲနေသေးသည်ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

သဘာဝဘေးဒဏ်ကြောင့် ပြည်နယ်တစ်ခုလုံးတွင် နောက်ဆုံးကောက်ခံရရှိထားသည့်စာရင်းအရ ပျက်စီးဆုံးရှုံး မှုတန်ဖိုး ကျပ် ၁၃ ဘီလီယံကျော်ရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံးတွင် ဖွင့်လှစ်ထားသည့် သဘာဝဘေးကွပ်ကဲရေးရုံးသို့ အလှူရှင်တို့မှ လာရောက်လှူဒါန်းထားသည့် ငွေပမာဏသည် သြဂုတ် ၂၈ ရက်နေ့ထိစာရင်းအရ ကျပ် ၁.၅ ဘီလီယံခန့် ရရှိထားသည်ဟု အဆိုပါ သဘာဝဘေးကွပ်ကဲရေးရုံး၏ မှတ်တမ်းများနှင့် တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

“ပြန်လည်ထူထောင်ဖို့အတွက် အများကြီးလိုပါသေးတယ်။ အဲဒါကို သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ကြီးကြပ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်၊ တာဝန်ရှိသူတွေ၊ ပြည်သူတွေ၊ NGOs, INGOs အဖွဲ့အစည်းတွေ ပေါင်းစပ်ညှိနှိုင်းပြီးတော့ အလှူရှင်တွေရဲ့ အားတွေနဲ့ အစိုးရရဲ့ ထောက်ပံ့မှုအားတွေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် စီမံဆောင်ရွက်နေတယ်” ဟု မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးစိုးမြင့်က ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြန်လည်ထူထောင်ရေးကို ရေရှည်နှင့် လတ်တလော ဖြေရှင်းဆောင်ရွက်ရမည့် အပိုင်း ၂ ပိုင်း ခွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း လက်ရှိတွင် လတ်တလော ဖြေရှင်းဆောင်ရမည့် အပိုင်းများဖြစ်သည့် သန့်ရှင်းရေး၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောင်းများအတွက် လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများထောက်ပံ့နိုင်ရေး ဆောက်ရွက်လျက်ရှိသည် ဟု ပြည်နယ်အစိုးရအဖွဲ့ က ပြောသည်။

ရေရှည်ဖြေရှင်းဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေးအပိုင်းများနှင့် ပတ်သက်၍ အချိန်ယူရမည်ဖြစ်ကြောင်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ညှိနှိုင်းဆောက်ရွက်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

မွန်ပြည်နယ်အတွင်း သြဂုတ်လပထမအပတ်အတွင်းက ရေကြီးရေလျံမှုများကြောင့် ကျိုက်မရောမြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာပေါင်း ၃၁ ခု ရေနစ်မြှုပ်ခဲ့ပြီး လူဦးရေ ၅၅၀၀၀ ကျော်ရေဘေးသင့်ခဲ့ရသည်။

တပြည်နယ်လုံးအတိုင်းအတာအနေဖြင့်ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ပေါင်၊ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံနှင့် ကျိုက်မရောတို့တွင် ရေကြီးနစ်မြှုပ်မှုများကြောင့် လူသိန်းနှင့်ချီ ရေဘေးသင့်ခဲ့ရပြီး လူဦးရေ ၃ သောင်းခန့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ ခဲ့ကြရသည်။

ထို့အပြင် ရေးမြို့နယ်နှင့် ကျိုက်မရောမြို့နယ်ထဲက စာသင်ကျောင်း ၃၀၀ ခန့်ကလည်း အဆိုပါရေကြီးမှုများကြောင့် ရက်သတ္တပတ် ၃ ပတ် ကျော်ပိတ်ထားခဲ့ရသည်။